Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 4, 2009

မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု စွပ်စွဲကာ ရဟန်းတော် အရှင်စန္ဒာဓိကကို ရုံးထုတ်

Type your summary here

မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု ရဲကစွပ်စွဲခံထားရသော ရဟန်းတော် အရှင်စန္ဒာဓိကအား ရုံးထုတ်ခဲ့သည်
အင်းစိန်ထောင်တွင်း လက်ရှိထိန်းသိမ်းခံနေရသော သက်တော် ၃၆ နှစ်အရွယ် အရှင်စန္ဒာဓိကအား ရဟန်းဝတ်ချွတ်စေပြီး ရုံးထုတ်နေခြင်း ဖြစ်သည်။ ပဲခူးတိုင်း လေးကျွန်းမဏ္ဍိုင် ကျောင်းတိုက် ဒေးစွန်းဘုရားတွင် သီတင်းသုံးခဲ့သည့်သူ့ကို ရဲအုပ်ဇော်ဘုန်းဝင်းက တရာလိုပြုလုပ်ပြီး ဘာသာတရားကို ညှိုးနွမ်းအောင်လုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
“သက်သေ ၄ ယောက်ကို အခုတခါ ပြန်ခေါ်တယ်။ ၃ ယောက်တော့ စစ်ပြီးသွားပြီ။ ဒီနေ့က တရားလို ၁ ယောက်ကို စစ်တယ်” ပြောသည်။ သက်သေအားလုံးမှာ ရဲများဖြစ်ကြောင်း သီးခြား စုံစမ်းသိရှိရသည်။
“ဒီနေရာဟာ ရဟန်းမသွားရဘူးလို့ သတ်မှတ်ထားတာဟာ ဝိနည်းနှင့်လည်း မထိခိုက်ဘူး။ ဒီကိုလာတာလည်း ဆရာတော်ကနေ ဝါဝင်ပြီး လာတာ။ ရဟန်းသိက္ခာ ချိုးဖောက်တာ မဟုတ်ဘူး။ သာသနာကို ညှိုးနွမ်းအောင် လုပ်တာလည်း မဟုတ်ဘူးဆိုတဲ့ မေးခွန်းကိုလည်း သူကိုယ်တိုင် တရားရုံးကို မေးထားတယ်” ဟု တရားဆိုင်နှင့် နီးစပ်သူတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချသည့် ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် တရားဆိုင်က ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဝင်ရောက်ကာ သတင်းမေးပြီးပြန်အထွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဦးစန္ဒဓိကကို လူ ၃ ယောက်က ရန်ကုန်မြောက်ပိုင်းခရိုင် ရဲစခန်းဝင်းသို့ခေါ်ဆောင်သွားပြီး အနည်းဆုံး ရဲ ၂ ယောက်က ဝါးလုံးဖြင့် ရိုက်နှက်ခဲ့၍ ဒဏ်ရာရခဲ့သည်ဟု အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) အဖွဲ့က ပြောသည်။
တရားရုံးတွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန် မေးမြန်းထွက်ဆိုချက်အရ စွပ်စွဲခံထားရသူ၏ အနီးနားတွင် ရေနံဆီ သို့မဟုတ် အခြား သဲလွန်စ မတွေ့ရသလို သီးခြားလွတ်လပ်သော မျက်မြင်သက်သေများလည်း မရှိဟု AHRC က ပြောသည်။
သြဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မကွေးတိုင်း ချောက်၊ ရေနံချောင်းနှင့် ပခုက္ကူမြို့နယ်များတွင် ရှာဖွေစစ်ဆေးမှုများရှိနေပြီး ရဟန်း ၄ ပါးကို စစ်အစိုးရက ဖမ်းဆီးထားသည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့က ပြောသည်။
သံဃာတော်အဖွဲ့မှ အရှင်ဦးဓမ္မဝံသက “သာသာနာကို ညှိုးနွမ်းအောင်လုပ်နေတာက နအဖပဲ။ ဦးဇင်းတို့ ရဟန်းသံဃာတွေက ဓမ္မစက်အောက်မှာနေတာ။ အာဏာရှင် အောက်မှာနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အခုလို ဖမ်းဆီး ဥပဒေ ပုဒ်ထီး ပုဒ်မတွေ တပ်ပြီးတော့ ထောင်ချတာတွေဟာ ဦးဇင်းတို့ဘာသာကို တခြားဘာသာတွေနဲ့ ကြည့်မယ်ဆိုရင် သိမ်ငယ်သွားတာပေါ့နော်။ အခု ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရပြီပေါ့” ဟု မိန့်သည်။
နေပြည်တော် စစ်ရုံးချုပ်သတင်းရပ်ကွက်အဆိုအရ သံဃာတော်များက ၂၀၀၇ ခုနှစ်ကကဲ့သို့ အလားတူ လူထုကို ဦးဆောင်ကာ အုံကြွမှုတခု ဖြစ်လာလိမ့်မည်ဟု စစ်အစိုးရက သံသယရှိနေပြီး လုံခြုံရေးတိုးမြှင့်ရန်နှင့် ဘုန်းကြီးကျောင်းများကို အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားထားသည်။
့ အာရှလူ့အခွင့်အရေးကောင်စီ၏ ကြေညာချက်တွင် အရှင်စန္ဒာဓိက အမှုကိစ္စအပါအဝင် အထောက်အထားမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများအပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားနှင့် ကုလအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ကြားဝင်ဖြေရှင်းပေးပါရန် တောင်းဆိုထားသည်

No comments: