Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 28, 2008

HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ


မြန်မာစစ်အစိုးရ ကနေ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၂ ကို ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ဦးမြင့်အေး အပါအ၀င် လှုပ်ရှားသူအချို့ ကိုတော့ ဖောက်ခွဲ ဖျက်ဆီးရေး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တသက်တကျွန်း အပြစ်ဒဏ် ပေးခဲ့ပါတယ်။
ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတဲ့အထဲမှာ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ က ဦးမြင့်အေး အပါအ၀င် အဖွဲ့ဝင်အချို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ၊ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေ၊ နောက် စာနယ်ဇင်းဖက်ဆိုရင် မြန်မာနေရှင်း ဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့ အားလုံး စုစုပေါင်း အနည်းဆုံး ၂၂ ဦး ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကိုတော့ ဖောက်ခွဲဖျက်ဆီးရေး ပုဒ်မနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး က အခုလို ပြောပါတယ်။
“ဦးမြင့်အေးက ပုဒ်မ ၃/၆ ဖေါက်ခွဲကူညီ ပေါ့နော်။ အဲဒါနဲ့ တသက်တကျွန်း၊ ရန်ရွှေက ဖေါက်ခွဲ နဲ့ တသက်တကျွန်း ပုဒ်မ (၃)။ နောက်တခါ ၁၇/၁ နဲ့ ၃ နှစ်။ ၁၃/၁ နဲ့ ၅ နှစ်၊ ၁၃/၅ နဲ့ ငါးနှစ်၊ ရန်ရွှေက ပေါင်း တသက်တကျွန်းနဲ့ ၁၃ နှစ်။ နောက် ဇော်ဇော်အောင်။ ဖေါက်ခွဲသုံးနဲ့ တစ်သက်တကျွန်း၊ ၁၇/၁ နဲ့ ၃ နှစ်၊ ၁၃/၁ နဲ့ ၅ နှစ်၊ တသက်တကျွန်းနဲ့ ရှစ်နှစ်။”
အခြား HRDP အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် နောက်ထပ် ၄ ဦး ကိုလည်း ရွှေပြည်သာ တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်စီ အမိန့် ချလိုက်တယ်လို့ သိရပါတယ်။ မြန်မာနေရှင်းဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့နှစ်ဦး ကိုတော့ ၁၇/၂၀ ပုံနှိပ်အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ ကိုမောင်မောင်လေး ကပဲ အခုလို ပြောပါတယ်။
“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။
အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။
“ကိုမြင့်အေး ဟာ မြန်မာနိုင်ငံ ကသာမကဘူး ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးသမား တယောက် ဖြစ်ပါတယ်။ မနှစ်ကတုန်းက (၅၉) နှစ်မြောက် လူ့အခွင့်အရေးနေ့မှာဆိုလို့ရှိရင် လူ့အခွင့်အရေး ကောင်စီကနေ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဆီက သ၀ဏ်လွှာ ပေးပို့ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို လူတယောက်ဟာ ဒီလို ဖောက်ခွဲပုဒ်မ နဲ့ တသက်တကျွန်း ချခံရတယ်ဆိုတာ မုန်တိုင်းထန်တဲ့ ရက်တွေပြီးလို့ရှိရင် လေပြေလာမယ့် ရက်တွေကို စောင့်မျှော်နေပါတယ် ဆိုတဲ့ စကားပဲ ပြောလိုပါတယ်။”
“တော်တော်ကို နည်းလမ်းမကျတဲ့ ကိစ္စတွေပါ။ ဘယ်ကမှ သတင်းမရဘူး။ ဖမ်းတာဆီးတာလည်း မသိဘူး။ ၂ လလောက် နေမှ သိတာ။ သိတော့ ဖမ်းထားတယ် ဒီလို ဖောက်ခွဲရေး ကိစ္စနဲ့ပတ်သက်ပြီး အဲလို သတင်းကြားလို့လိုက်တော့ ထောင်မှာ ရောက်နေတယ်။ တို့ မိဘတယောက် အနေနဲ့ကတော့ကွာ ဟုတ်တယ်ဆိုရင်တော့ မပြောလိုပါဘူး။ ဘာမှလည်း မသိရတာ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ ဦးနဲ့ ကိုယ်တိုင် အလုပ်လုပ်နေရင်းနဲ့ ဖြစ်တဲ့ဖြစ်ရပ်ပဲကွ၊ မမှန်မကန်ဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် အမှန်အကန်ဆိုရင် တို့ မပြောလိုပါဘူး။ မခံထိမခံသာ ဖြစ်တယ် ပေါ့ကွာ။ ပြောမယ် ဆိုလို့ရှိရင်တော့ သူတို့အခု လုပ်နေတဲ့ လုပ်ရပ်က အကုန်လုံး ရုံးမှာ ရှေ့နေတွေ မလိုက်နိုင်တဲ့ အဆင့်မှာတောင်မှပဲ တို့ လူစိမ်းတွေတောင်မှပဲ မမှန်ကန်ဘူးဆိုတာ ပေါ်လွင်နေတယ်။”
“ရင်ထဲမှာ ခံစားရတာက အပြင်ဘက်မှာ ထုတ်ဖော်လို့ရှိရင် ရှုံးရာ ကျမှာစိုးလို့ မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။ ရင်ထဲမှာတော့ ခံစားရတာ အတိုင်းထက်အလွန်ပေါ့။ မွေးထုတ်ထားတဲ့ မိခင် ပဲ သားရယ်။ အန်တီသား က ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ သူများ သွေး ထွက်သံယိုဖြစ်အောင်လည်း မရိုက်နှက်ခဲ့ဘူး။ အဲဒီတော့ ဒီ ဗုံးကြီးကို သွားထောင်တယ်ဆိုတာ အန်တီ က လုံးဝ မယုံကြည်ဘူး။ ရပ်ကွက်ထဲက သူတွေကလည်း လုံးဝ မယုံကြည်ဘူး။ အန်တီ့သားက ဒါကြောင့်မိုလို့ သူတို့ လာပြောတဲ့အချိန်မှာ ခင်ဗျားသား က ကြံ့ခိုင်ရေး ရုံး ဗုံးဖေါက်တဲ့အထဲမှာ ပါတယ် ဆိုတော့ အန်တီ က မကြားဘူးတဲ့စကား ကြားလိုက်ရတဲ့အတွက် ရင်ထဲမှာ ဆို့ပြီးတော့ ပစ်လဲကျသွားတယ်။”
ဒါကတော့ ဖောက်ခွဲရေးပုဒ်မတွေနဲ့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုမြင်အေး။ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ရဲ့ မိသားစုဝင်တွေ ပြောသွားတာပါ။ သူတို့ကို တော့ ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေးအသင်း ရန်ကုန်တိုင်း မြို့နယ်ရုံးတရုံးကို ဗုံးခွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တွေ အခုလို ချခဲ့တာပါ။ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး ကတော့ အာဏာပိုင်တွေ အနေနဲ့ ဦးမြင့်အေး ကို လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ဖမ်းမရလို့ အခု အမှုနဲ့ အကွက်ဆင် ဖမ်းခဲ့တာလို့ ယူဆပါတယ်။
“ရဲဘော်တွေနဲ့ ကျနော် လုပ်ခဲ့ကိုင်ခဲ့တဲ့တလျှောက် ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်တာမျိုး တစုံတရာမှ ကျနော်တို့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်းတောင် မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ၁ အချက် လုံးဝ ငြင်းတယ်။ ၂ အချက် - အခုလို စွပ်စွဲတဲ့အချက်တွေက ကျနော်တို့ ဖမ်းဆီးသွားတဲ့ အနေအထားမျိုးမှာ သော်လည်းကောင်း၊ စစ်ကြောရေးကာလမှာ သော်လည်းကောင်း၊ လက်ရှိ တရားရေးအရ တင်လာတဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်လိုက်လို့ရှိရင် ဖမ်းဆီးတဲ့အခါမှာ သူတို့ ဥပဒေနဲ့ မညီမျှပါဘူး။ ဥပဒေနဲ့ မညီစွာ ဖမ်းသွားတယ်ဗျာ။ စစ်ကြောရေး ကာလတွေမှာလည်း ဦးမြင့်အေး ကိုဆိုရင် ၇ ရက် ၇ ည ဆက်တိုက် ပေါ့နော်။ သူ့အသက်အရွယ် ၆၀ နားနီးနဲ့ မတန်အောင် စစ်ဆေးခံရတယ်။ ရန်ရွှေ ဆိုရင် ၈ ရက်နဲ့ ၈ ည ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရတယ်။ မျိုးမင်းတို့၊ သန့်ဇော်မြင့် တို့ ဆိုရင်လည်း အဲဒီလိုပဲ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတယ်။ စ ဖမ်းကတည်းက တရားဥပဒေနဲ့ မဆီလျော်တဲ့ကိစ္စတွေကို စလုပ်တာပဲ။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြပြီးတော့ ရှေ့မှာ မြန်မာပြည်မှာ ဖောက်ခွဲမှု ဖြစ်စဉ်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပါတယ်။ တခါမှ စစ်မှန်တဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ကိစ္စအပေါ်မှာ အစားထိုး တရားခံ ရှာလိုက်တယ်ဗျ။ အဲဒီအထဲမှာ HRDB ကို သူတို့ ရှာလို့ ပိုပြီးတော့ အဆင်ပြေသွားတယ်လို့ တွေ့ရပါတယ်။”
HRDP အဖွဲ့က ကိုမောင်မောင်လေးဖြစ်ပါတယ်။ မိသားစုဝင်တွေက အခု ထောင်ချခံရသူတွေကို အရင်လူတွေလိုပဲ နယ်ဝေး ထောင်တွေကို ပို့မှာ စိုးရိမ်နေကြပါတယ်။ မနေ့ကအထိဆိုရင်တော့ တလအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၀၈ ဦးကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ခန့်မှန်းချေ ၁၀၀ ကျော်ကိုတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

၈၈မျိုးဆက်ကျောင်းသား ၁၃ ဦးကို ထောင်ဒဏ် ၆ နှစ်စီအမိန့်ချ

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ လူ့ အခွင့်အရေးလှုပ်ရှားသူ ကိုမောင်မောင်လေး က ပြောပါတယ်။
“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။
အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။

အပြည့်အစုံသို့ ...

ဒီမိုကရေစီ ပတ်ဝန်းကျင် မရှိပဲ ဒီမိုကရေစီမရှိ နိင်

၂၀၁၀ ရွေးကောက်ပွဲ က နိင်ငံရေးဆုံချက်တခု အဖြစ် မကြာခင်ကြ ရောက်တော့ မည်ဖြစ်ပါ
သည်။ အချို့ က ၂၀၁၀ ကို နိင်ငံရေးထွက်ပေါက်အဖြစ်ယူသင့်ကြောင့် ဆွေးနွေးကြသည်။ သူတို့ အကြောင်းပြချက်မှာ ဗိုလ်ချုပ်သန်းရွေက အရာရာကို ထိမ်းချုပ်ထားသည်။ အစိုးရအဖွဲ့ စစ်တပ် ကြံဖွတ်၊ စွမ်းအားရှင်များ ဖြင့် ဖိနိပ်ထားသည်။
ဒီမိုကရေစီအင်အားစုများ အင်အားချိ့ နှဲ့ နေသည်။ ခေါင်းဆောင်များ ထောင်ထဲ ရောက်ကုန်ပြီ။ သန်းရွေကိုဖယ်ရှားပြစ်ဖို့ မလွယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကို ထွက်ပေါက်တခု အဖြစ်
ယူသင့်သည် ဟုဆွေးနွေးလာ ကြခြင်းဖြစ်သည်။ တကယ်တော့ ဒီလိုဆွေးနွေးမှု များ သည်
အသစ်အဆန်း မဟုတ်ပါ။ မဆလ ခေတ် တ လျောက်လုံး တွင် ကျနော်တို့ ကြားခဲ့ရ ဘူးပါသည်။ ဦးနေ၀င်း ကို ထိပ်တိုက်ရင်ဆိုင် ရန်မလွယ်။ ပူးသတ်မှ ရမည်ဟု ဆိုကြသည်။
ထို့ ကြောင့် အချို့ က မဆလပါတီထဲ သို့ လည်းကောင်း ။ အချို့ က စစ်တပ်ထဲ သို့ လည်းကောင်း ၀င်ကြ သည်။ သူတို့ အားလုံး ဦးနေ၀င်းနှင့် အတူ နိင်ငံရေး ဇတ် ခုံတွင် မေးမှိန် ပျာက်ဆုံး ခဲ့ကြ သည်။ မြန်မာ ပြည် က မပြောင်း၊ စစ်တပ်က မပြောင်း သာ ကျန်ခဲ့
သည်။
ဇတ်ထုတ်ကပြောင်း ၊ ဇတ်ထုတ်က မပြောင်း၊ ဇတ်ကသူများသာ ပြောင်းကုန်ကြသည်။
ဒီအခြေအနေကို အင်္ဂလို - Same Old Wine in New Bottle – ဟု ပြောစမှတ်ရှိပေသည်။
ဘာကြောင့် ဒီလိုဖြစ်ရသနည်း ဟု မေးစရာရှိပါသည်။ အဖြေက ရှင်းပါသည်း
အခြေခံပြုပြင်ပြောင်းလဲ မှုတွေကို မလုပ်ပဲ အပေါ်ယံ ပြောင်းလဲခြင်းကို သာ စစ်အုပ်စုက လုပ်ပေး နေသလို အချို့  သူများ ကလည်း ဒီလုပ်ရပ်ကို တကယ်မဟာ အခွင့်အရေး အပြာင်းအလဲ ဟု မှားယွင်းစွာ သုံးသပ်မိကြခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိင်ငံရေး ခေါင်းဆောင်များ တိုင်းရင်းသား ခေါင်းဆောင်များ ကို ဖမ်းဆီးထားသည်။ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နစ်အပြစ်ပေးခဲ့သည်။ လူအခွင့်အရေးချိုးဖေါက်မှု များ မှာ ရပ်ဆိုင်းသည်မရှိပဲ မီဒီယာပေါင်းစုံ
တွင် နေစဉ် သတင်းများ ဖြစ်လျက်ရှိနေသည်။
ထိုအခြေအနေအောက်တွင်း စစ်အုပ်စု မှ ကျင်းပသောရွေးကောက်ပွဲ သည် ထွက်ပေါက် ဖြစ်သည် ဆိုသည်မှာ လုံးဝ ဆင်ခြင်ထုံတရားကင်းမဲ့လွန်းသည်ဟု ကျွနုပ်တို့ မြင်သည်။
အခြေခံပြောင်းလဲမှုကြီးများကို မြန်မာ နိင်ငံတွင်ပြုလုပ်ရန် လိုအပ်နေပါသည်။ မြန်မာ့ နိင်ငံရေး
ပြသာနာ ကြီး များ ကို ဖြေရှင်းရန် အခြေခံ လိုအပ်နေသော အချက်ကြီး ၃ ရပ် ကို လုပ်ဆောင်ဖို့ လိုနေသည်။ လည်းတို့ မှာ -
• လူအခွင့်အရေးချိုးဖေါက်မှုများကို လုံးဝရပ် ဆိုင်းရန်
• လူသားတိုင်းရဲ့ အခွင့်အရေးများ( လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဝေ၊ သွားလာခွင့် ၊ ပိုင်ဆိုင်ခွင့်၊ ရောင်းချ ၊ ခုခံပိုင် ခွင့် များ ) ကို အမြန်ဆုံးပေးရန်
• နိင်ငံရေးခေါင်းဆောင်များ ကို အမြန်ဆုံးလွတ်ပေးရန်
၂၀၁၀ ရွေးကောက်ပွဲသည် ဆိုင်းမ ရှိတဲ့ ဇတ်လိုဖြစ်နေသည်။ ဦးသန်းရွေ စစ်အုပ်စုသည် ပါးစပ်ဆိုင်းဖြင့် ဇတ်ကရန်ကြိုး စားနေသည်။ စစ်အုပ်စုက ပါးစပ်ဆိုင်း တီး ပေး သည်၊ ၀ါသနာပါသော သူများက ဖင်တကြွကြွ က ခုန်ရန် ဟန်ရေးပြလျက်ရှိသည်။ ပွဲကောင်းသည်ဟု ဆိုကာ ဖျာခင်း သူများက လည်း ခင်းကုန်ကြသည်။ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ဆိုင်းပြင်းနေသည်။ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီတွေ ခေါင်းဆောင်တွေ မရှိဖြစ်နေပါသည်။ ဒီမိုကရေစီ ရှင်သန်မဲ့  ပတ်ဝန်ကျင် လိုအပ်နေပါသည်။
မိုးသီးဇွန်

အပြည့်အစုံသို့ ...

Thursday, November 27, 2008

လူရွှင်တော်ကိုဇာဂနာအား “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆု ချီမြှင့်၊


ယနေ့ ဗုဒ္ဓဟူးနေ့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ Art Venture အမည်ရတဲ့ အနုပညာရှင်များ စေတနာရှင်များအဖွဲ့က ရွေးချယ်ဂုဏ်ပြုတဲ့ “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆုများမှာ မြန်မာပြည်ရဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကိုလည်း ထူးချွန်ပြောင်မြောက်တဲ့ အကျဉ်းကျ အနုပညာရှင်တဦးအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။
၂၀၀၈ တနှစ်ပတ်လုံးမှာ နိုင်ငံတကာက အနုပညာလွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လူ့အခွင့်အရေး လွတ်လပ်ခွင့်တွေအတွက် အနုပညာရှင်များအသီးသီးရဲ့ ဆောင်ရွက်ချက်များ၊ ဖန်တီးမှုများကို ရွေးချယ် ဆုချီးမြှင့်ကြရန် ၀ိုင်းဝန်း အကြံပြုဖို့ ဖိတ်ခေါ်ခဲ့ရာမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက လျောက်လွှာပေါင်း ၁ ထောင် နီးပါးထဲက အနုပညာရှင် အစုအဖွဲ့ ၅ ခုကို ရွေးချယ်ခဲ့ပြီး ဆုငွေ ဒေါ်လာ ၁ သိန်း ခွဲကို ခွဲဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုဇာဂနာ ကိုယ်စား မိတ်ဆွေတဦးက ဆုကို လက်ခံရယူခဲ့ပြီး အမေရိကန်နိုင်ငံရောက်နေတဲ့ ကိုဇာဂနာ ဇနီး၊ မလွင်မာဦးထံက ပေးပို့တဲ့ ကျေးဇူးစကားကို ဖတ်ကြားပြခဲ့တယ်လို့ သိရပါတယ်။ မလွင်မာဦးက -
သူတို့ အိမ်ထောင်သက် အနှစ် ၂၀ မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်းခံရတဲ့ ကာလတွေဟာ ၁၀ နှစ် နီးပါးရှိခဲ့တယ်။ သားတဦး သမီးတဦးနဲ့ ကိုဇာဂနာတို့ မိသားစု အတူတကွ ရပ်တည်ခဲ့ကြတယ်။ ထောင်ကျနေစဉ်ကလည်း ထောင်နံရံအပြင် အနီးဆုံးက အားပေးနိုင်ခဲ့တယ်။ သူ့အနုပညာတွေ ပိတ်ပင်ခံရတော့လည်း ပြည်ပသတင်းဌာနတွေကတဆင့် သူ့အနုပညာတွေ ပြည်သူတွေ နားမျက်စိရှေ့ ရောက်နိုင်ဖို့ မိသားစုက ကူညီခဲ့ကြတယ်။ အခုတော့ မိသားစုက အဝေးမှာရောက်နေလို့ အခုလို ထောင်ဒဏ် အနှစ် ၄၀ ကျော် ကျခံချိန်မှာ ကျမတို့ အနီးကပ် မစောင့်ရှောက်နိုင်တော့လို့ စိတ်ထိခိုက်ရပါတယ် … လို့ ပြောကြားတယ် လို့ ပရိသတ်တဦးက ပြန်ပြောပြပါတယ်။
မလွင်မာဦးက ဆက်လက်ပြောကြားရာမှာ -ဒီဆုဟာ ကိုဇာဂနာအတွက်သာ မဟုတ်ပါဘူး၊ အဖိနှိပ်ခံထားရတဲ့၊ ယုံကြည်ချက်အတွက် လွတ်လပ်မှုအတွက် အဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေအတွက်၊ သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေ၊ မိသားစုတွေ အားလုံးအတွက် နိုင်ငံတကာက အနုပညာရှင်တွေ၊ ပြည်သူတွေက အလေးအနက်နဲ့ မမေ့မလျော့ အတူတကွ ရှိနေကြတယ်၊ ဂုဏ်ယူလျက်ရှိတယ်၊ အားပေးဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကျမ ခံစားမိပါတယ်လို့ စကားလက်ဆောင်ပေးတယ်လို့ သိရပါတယ်။
ပထမဆုကို ဇင်ဘာဘွေက ပြဇာတ်အဖွဲ့က ရပါတယ်။ ဇင်ဘာဘွေက သမ္မတကြီးကို သရော်တဲ့ ပြဇာတ်ဟာ ပြည်တွင်းမှာ အလွန်လူကြိုက်များလွန်းလို့ အာဏာပိုင်တွေက အစဉ် အနှောက်အယှက်ပေးခံရတယ်လို့ သိရပါတယ်။
ဒုတိယဆုကတော့ ဘားလရုဇ်က ပြဇာတ်အဖွဲ့တခုဖြစ်တယ်။ သူတို့ကလည်း နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ဖီဆန်တဲ့ အနုပညာတွေကို ရဲရဲရင့်ရင့် တင်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယဆုကတော့ ပါကစ္စတန်က မွတ်ဆလင် မက်ဒေါ်နာလို့ လူသိများတဲ့ ခေတ်ပေါ် အဆိုတော်ဖြစ်ပါတယ်။ သူ့သီချင်းတွေက အဖိနှိပ်ခံ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ သီချင်းတွေ၊ အယူသီး တယူသန်တဲ့ ဘာသာရေးအယူအဆတွေကို ဝေဖန်တဲ့ အနုပညာတွေကို တင်ဆက်လို့ ထောက်ခံသူကော ကန့်ကွက်သူတွေကောနဲ့ ပွဲဆူတဲ့ ပညာရှင်တဦး ဖြစ်ပါတယ်။
နောက်တဆုကတော့ ဘရာဇီးက ကလေးသူငယ်တွေရဲ့ ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အကြောင်း သီချင်း စီဒီတခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ကလေး ၇၀ ကျော်က လစဉ် အသတ်ခံနေရတာကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။
“ကိုဇာဂနာအတွက် ဆုကို ကြေငြာတော့ - ဒီလူဟာ သရော်တဲ့သူ၊ ပြက်လုံးထုတ်တဲ့သူလို့ စပြောလိုက်တယ်။ ပြီးတော့ ဒီလူဟာ အစိုးရက မည်သို့ပင် ပိတ်ပင်တားဆီး ဖိနှိပ်ထားစေကာမူ ပြည်သူလူထုကြားထဲကို မီဒီယာမျိုးစုံ အထိရောက်ဆုံးသုံးပြီးတော့ အရောက်ပို့နိုင်တဲ့သူလို့ ဆက်ပြောလိုက်တယ်။ အင်မတန် ရဲရင့်တဲ့သူ၊ ထောင်အကြိမ်ကြိမ် ကျတဲ့သူ၊ ၂၀၀၇ စက်တင်ဘာမှာ အနုပညာရှင်တွေကို စည်းရုံးပြီး သပိတ်မှောက်သံဃာတွေကို ဆွမ်းကပ်တဲ့သူ၊ စွယ်စုံတဲ့နည်းတွေသုံးနိုင်တဲ့သူ - သရုပ်ဆောင်မယ်၊ သီချင်းဆိုမယ်၊ စာရေးမယ်၊ အင်တာနက်သုံးမယ်၊ အင်တာဗျူးတွေလုပ်မယ်၊ နည်းမျိုးစုံနဲ့ ပြည်သူထံအရောက် လူ့အခွင့်အရေးကိစ္စအားလုံးကို ထုတ်ဖော်ပြောဆိုသူ ဖြစ်တယ်လို့ ဆက်ပြောပြီးတော့ အကျဉ်းကျနေတဲ့ အနုပညာရှင်တဦးအဖြစ် သူ့ကို ဆုချီးမြှင့် ဂုဏ်ပြုလိုက်ပါတယ် … လို့ ကြေငြာတာဗျာ …”
လို့ ပွဲတက်ရောက်သူ မြန်မာအနုပညာရှင်တဦးက ပြောပြပါတယ်။
ဆုချီးမြှင့်တဲ့ အတ်ဗင်းချားအဖွဲ့အပြင် မိတ်ဆွေ အနုပညာရှင်များ၊ စာနယ်ဇင်း သမဂ္ဂပေါင်းစုံက ပညာရှင်များ စုစည်းကြပြီး ကိုဇာဂနာတင်သာမက အကျဉ်းကျ အနုပညာရှင်တွေဖြစ်တဲ့ ကိုစောဝေ၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ နေဘုန်းလတ်တို့အပြင် အသီးသီးသော အဖိနှိပ်ခံ ပညာရှင်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ ဆော်သြကြဖို့ကို ဆန္ဒရှိကြပုံရကြောင်း ပရိသတ်တဦးက ထင်မြင်ချက်ပေးခဲ့ပါတယ်။

အပြည့်အစုံသို့ ...

Tuesday, November 25, 2008

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများမှ နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးဘို့ ဆန္ခပြ၊



နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်ရှိ မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူများ ပိုစတာများ ကိုင်ဆောင်ပြီးတော့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူများ အနေဖြင့် လည်း တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

အပြည့်အစုံသို့ ...

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မူ့ ဆန့် ကျင်ရေးနေ့ အခမ်းအနား၊



နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မူ့ ဆန့် ကျင်ရေးနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်
တွင် ပြုလုပ်ရာ အဖွှဲ့ အစည်းအသီးသီးမှ တက်ရောက်ကြပြီး လက်ရှိမြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်
ကြောင့် အမျိုးသမီးများအား ညှင်းပန်းနှိပ်စက်မူ့ အကြမ်းဖက်ခံရမူအခြေအနေများအား
အဖွဲ့ အစည်းများမှ ရှင်းလင်းပြောကြားသွားခဲ့ပါသည်၊

အပြည့်အစုံသို့ ...

Monday, November 24, 2008

For Ma Nilar Thein (မနီလာသိန်းအတွက်)



ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မနီလာသိန်းကို စစ်ခွေးတွေ ဆွဲသွားတဲ့ သတင်းကြားရပါတယ်။ မနှစ်က ဒီအချိန်မျိုးမှာပဲ လေးလအရွယ်သမီးငယ်လေးကို ဓါးစာခံလိုသဘောထားပြီး ရမ်းကားယုတ်မာခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး စာလေးတပုဒ် ရေးခဲ့ဖူးပါတယ်။ အခုလဲ တနှစ်လေးလအရွယ် သမီးငယ်လေးရဲ့ မိခင်တယောက်ကို မတရားဖမ်းဆီးချုပ်နှောင်ထားကြပါတယ်။ မနှစ်က စာစုလေးကို အမှတ်တရ ပြန်တင်ထားပါတယ်။ ဒီစာစုလေးထဲကလိုပဲ မနီလာကြားချင်တဲ့ လက်ခုပ်သံတွေအတွက် ကျွန်မတို့တွေ ဆက်လက်တိုက်ပွဲဝင်သွားကြမယ်ဆိုတာ ကတိသစ္စာပြုရင်း-
လက်ခုပ်သံတွေကြားရတော့မှာပါ
”ကျွန်မသမီးလေးရဲ့ ငိုကြွေးသံဟာပေါ့နော်၊ ပြည်သူတွေရဲ့ လက်ခုပ်သံ အဖြစ် ကျွန်မ ကြားချင်တယ်”
ဒီမိုကရက်တစ် မြန်မာ့အသံကနေ ထွက်ပေါ်လာတဲ့ မနီလာသိန်းရဲ့ စကားသံဟာ ကျွန်မရဲ့ နားစည်ကနေ နှလုံးသားထဲကို စီးမျောဝင်သွားတယ်။ ဆို့နင့်လာတဲ့ ကြေကွဲမှု၊ ၀ဲတက်လာတဲ့ မျက်ရည်စတို့နဲ့ အတူ ကျွန်မရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ ခြောက်လသားအရွယ် သားငယ်လေးကို တင်းကျပ်စွာ ဖက်လိုက်မိတယ်။
လေးလသားအရွယ် သမီးငယ်၊ သားဖွားပြီးကာစ သွေးနုသားနု မိန်းမသား၊ အဆပေါင်းများစွာ ခုန်တက်သွားတဲ့ လောင်စာဆီ ဈေးနှုန်း၊ လူထုရဲ့ ဆန္ဒကို အသက်နဲ့ စတေး၊ ဘ၀နဲ့စတေးပြီး ကိုယ်စားပြု ဖော်ထုတ်ပေးခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများ၊ လူမဆန်အောင် ရက်စက်တဲ့ ရိုက်နှက် ဖမ်းဆီးမှုများ၊ အမျိုးသမီးတွေကို မြို့လယ်ခေါင်မှာ ထမီဆွဲချွတ်တဲ့ မိုက်ရိုင်းစော်ကားမှုများ။
အတွေးစတွေက၀ရုန်းသုန်းကားနဲ့ပေါ်ပေါက်လာကြတယ်။
မွန်းကြပ်လာတဲ့ စိတ်အစုံကြောင့် တောက်တချက်ခေါက်လိုက်မိတော့ ရင်ခွင်ထဲက သားငယ်လေးက သူ့အမေကို မော့ကြည့်တယ်။ ခွင့်လွှတ်ပါသားလေးရယ်။
သားလေးတို့လို အင်မတန် နူးညံ့တဲ့ ကလေးငယ်လေးတွေရှေ့မှာ ဒီလို မဖြစ်သင့်ဘူးဆိုတာ မေမေသိပါတယ်။ ဒါပေမယ့် မေမေ့ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်လာလွန်း လို့ ပါ၊ တချိန်သားကြီးလာရင် ဒီကိစ္စတွေကို မေမေပြောပြမယ်နော်လို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ဘာမှ မသိရှာတဲ့ သားငယ်လေးကတော့ သူ့ကိုစကားတတွတ်တွတ်ပြောနေတဲ့ အမေဖြစ်သူကို ရယ်ပြနေရှာတယ်။
လသားကလေးငယ်လေးတွေနဲ့ မိခင်တွေကြားက နှောင်ဖွဲ့ မှုကို ကိုယ်တိုင် ခံစားနေမိရင်း မြန်မာပြည်တနေရာဆီက လေးလသား သမီးငယ်လေးကို သွားသတိရမိတယ်။ ဒီအချိန်ဆိုရင် သမီးငယ်လေး ဘာလုပ်နေမှာပါလိမ့်။ နို့ ဆာပြီးပဲ ငိုနေမလား၊ မိခင်ကိုပဲ တမ်းတ ရှာဖွေနေမလား။
လသားအရွယ် ကလေးငယ်လေးတွေဆိုပေမယ့် သူတို့ရဲ့ ခံစားနားလည်နိုင်စွမ်းတွေက အင်မတန်ထက်မြက်ကြတာကလား။အမေရဲ့အနံ့နဲ့အသံကိုလဲ မယုံကြည်စရာ ကောင်းလောက်အောင်ကိုမှတ်မိသိရှိနေတတ်ကြတယ်။
မိခင်ဘ၀မရောက်ခင်က ကလေးငယ်လေးတွေငိုရင် နို့ ဆာလို့ ပဲလို့  ကျွန်မထင်ခဲ့ဖူးတယ်။ တကယ်မိခင်ဖြစ်လာတော့မှ နို့ ဝပြီဆိုရင်တောင် အမေရဲ့နို့ ကို ငုံထားချင်၊ စုပ်ထားချင်တဲ့ သူတို့ရဲ့ သဘာဝလေးတွေကို သတိထားမိလာခဲ့ရတာ။ အမေ့ရဲ့ ရင်ခွင်ထဲမှာ နေရတာကိုလဲသူတို့လေးတွေက သိပ်နှစ်သက်ကြတာ။ အမေနို့ ကနေ နို့ ဗူး ပြောင်းတိုက်တာကလဲ ချက်ချင်းကြီး ရော့-အင့် လုပ်လို့ ရတာ မဟုတ်။ တဖြည်းဖြည်းချင်း လျှော့သွားရတာ။
သားငယ်လေးဆိုရင် နို့ ဗူးစတိုက်စဆို ငိုလိုက်တာ ကြွက်ကြွက်ညံပါရော။ သြော်-ဒီအချိန်ဆိုရင် အဖွားဖြစ်သူဖျော်ထားတဲ့ နို့ ဗူးလေးနဲ့  မနီလာ ကလေးလေး ဘယ်လိုများ ဖြစ်နေမှာပါလိမ့်။ နို့ ဗူးစို့ ရင်း အမေ့ နို့ ချိုကိုပဲ တမ်းတနေရှာမလား။
ကိုယ်ချင်းစာမိတဲ့ အတွေးလေးတွေနဲ့ အတူ ကျွန်မ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတာ သတိထားမိတယ်။ သားလေးပေါ်မရောက်အောင် လက်ဖမိုးနဲ့  အသာ သုတ်လိုက်မိတယ်။
ရှေးအခါက ကြားဖူးတယ်။ မိဘတွေဟာသားသမီးပေါ်မှဲ့တပေါက်တောင် အစွန်းမခံနိုင်ကြဘူးတဲ့။ ဟုတ်မှာပါ။ ကျွန်မရဲ့ သားလေးကိုယ်ပေါ်ကို မျက်ရည်စက်လေးတစက် ကျဆင်းသွားမှာ တောင် ကျွန်မ မလိုလား။ မနီလာခမျာလဲ ဒီလိုပဲ ခံစားနေရရှာမှာ။ သမီးငယ်လေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် အိမ်အပြန်ပို့အပြီး၊ လွတ်ဟာနေတဲ့ လက်အစုံကို မနီလာ ဘယ်လိုခွန်အားတွေနဲ့ များ ရင်ဆိုင်ခဲ့ပါလိမ့်။ သမီးလေးကို နို့ မတိုက်ရလို့  တင်းလာတဲ့ နို့ အုံတွေကို သူဘယ်လိုများ ခံစားခဲ့ပါလိမ့်။ တစိမ့်စိမ့်ထွက်နေတဲ့ နို့ရည်လေးတွေဟာ သူ့မျက်ရည် စက်လေးတွေနဲ့များ အပြိုင်ဖြစ်နေလေရော့သလား။
ပြည်သူတွေအတွက် ကိုယ်စားပြုပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုလို့  မတရားတာကို ဆန့် ကျင်ဆန္ဒပြတာကို ဖမ်းဆီးဖို့ ဆိုပြီး စစ်ဆင်ရေးတခုလိုသတ်မှတ်လို့ အသည်းအသန် လိုက်လံရှာဖွေနေကြတဲ့ ယောက်ျားကြီးတွေရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ပုန်းအောင်းပြေးလွှားနေရတဲ့ သွေးနုသားနု မိန်းမသားတယောက်ရဲ့ ဘ၀မှာ သမီးလေးကို တမ်းတပြီး၊ ပေါက်ကွဲထွက်လာတဲ့ ခံစားမှုတွေအတွက် အသံထွက် ငိုကြွေးခွင့်တောင် ရရှာပါ့မလား။
ကျွန်မဘ၀ တနေ့တာရဲ့အစ အလုပ်ခွင် မသွားခင်မှာ သားငယ်လေးကို ကလေးထိန်းအိမ်သွားပို့ ပြီးရင် အဲဒီအိမ်ကနေ လှမ်းထွက်တဲ့ ကျွန်မခြေလှမ်းလေးတွေ နှေးကွေးနေတာ၊ စားစားသွားသွား သူ့ မျက်နှာလေးကိုပဲ မြင်ယောင်နေမိတာ၊ အပြန်ဆိုရင် ကျွန်မရဲ့ ခြေလှမ်းတွေ အလိုအလျောက် မြန်ဆန်နေမိတာ၊ သားလေးနဲ့ တွေ့ လို့  ဖက်ရမ်းနမ်းရှုတ်လိုက်တာနဲ့သူ့မျက်နှာလေး ပြုံးယောင်သန်းလာတာတွေကို သတိရမိတယ်။ ဒါတွေအားလုံးဟာ မိခင်တယောက်ရဲ့ ရင်ထဲ၊ နှလုံးသားထဲက တေးသွားလေးတွေပါ။ အခု မနီလာတယောက် ဒီတေးသွားလေးတွေနဲ့  ဝေးနေရရှာတယ်။ တိုင်းပြည်နဲ့  လူမျိုးအတွက် နှလုံးသားကို စတေးထားရတယ်။ ဂုဏ်ယူတယ် မနီလာ။ ပြုနိုင်ခဲတဲ့ စွန့် လွှတ်အနစ်နာခံမှု၊ ရွေးချယ်မှု ပြုလုပ်နိုင်ခဲ့သူ တယောက်ကို ရင်ထဲ၊ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။
ကျွန်မရဲ့အတွေးတွေကမကြာသေးခင်ကမှ မြေးသစ်လေး တယောက်ရထားတဲ့ စစ်အာဏာရှင်ကြီးဆီကို ရောက်သွားပြန်တယ်။
တကယ်လို့ များ သူ့ သမီးသာ ဒီလိုအခြေအနေမျိုးတွေတွေ့နေရမယ်ဆိုရင်၊ သူ့မြေးလေးသာ အခုသမီးလေးလို လသားကလေးငယ်ဘ၀မှာ အမေ့ရင်ခွင်၊ အမေ့နို့ရည်ချိုလေးတွေနဲ့ ဝေးကွာနေရမယ်ဆိုရင် သူကြည့်ရက်နိုင်ပါ့မလား။
အတ္တမကြီးကြစမ်းပါနဲ့  စစ်အာဏာရှင်တို့ ရယ်။
ကိုယ့်အာဏာတည်မြဲဖို့ ၊ ကိုယ့်ဆွေမျိုးသားသမီးတွေ ကောင်းစားဖို့ အရေး သူတပါး မျက်ရည်စက်တွေကို ခြေဆေးပစ်နေရတာ၊ သူတပါး အသည်းနှလုံးတွေကို
နင်းခြေဖျက်ဆီး ပစ်ရတာ၊ သူတပါးအသွေးအသားတွေကိုဖောက်ထုတ်ပစ်ရတာ ဂုဏ်ယူဖွယ်ရာများထင်နေသလား။
အောင်ပွဲခံစရာများ အောက်မေ့နေလေသလား။
သိပ်မှားနေပြီ၊ အာဏာရှင်တို့ ရေ။
လူသားပီသမှုဆိုတဲ့ စံနှုန်းတခုနဲ့ တင် ခင်ဗျားတို့ တွေ ရှုံးနေကြပြီ။
အာဏာရှင်တို့ ကို ပြောချင်တဲ့ စကားသံတွေက ကျွန်မ အတွေးထဲကို ဆက်ဝင်လာတာမို့နောက်တကြိမ် တောက်မခေါက်မိအောင် အချိန်မှီ ထိန်းလိုက်ရတယ်။
မနီလာသိန်းရေ။
မနီလာတို့ ရဲ့ ကိုယ်ကျိုးစွန့် မှု၊ အနစ်နာခံမှု၊ ရဲရင့်ပြတ်သားမှု၊ ရိုးသားဖြောင့်မတ်မှုတွေဟာ စစ်အာဏာရှင်တို့ ရဲ့ ကိုယ်ကျိုးရှာမှု၊ စာနာစိတ် ကင်းမဲ့မှု၊ ရက်စက်ယုတ်မာမှုနဲ့  ကောက်ကျစ်မိုက်ရိုင်းမှုတွေကို အနိုင်ရသွားမှာပါ။
များမကြာမီတဲ့ အချိန်တခုဆိုရင် အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာတဲ့ ပြည်သူလူထုရဲ့ အောင်ပွဲရလက်ခုပ်သံတွေ မိုးလုံးပြည့် ညံ ကြားရတော့မှာပါ ဆိုတာ ယုံကြည်ရင်း။
ခင်မမမျိုး (၂၀၀၇)

အပြည့်အစုံသို့ ...

့Hip Hop အဆိုတော် ကိုဇေယျာသော်၏ နှိုးဆော်ချက်၊



အပြည့်အစုံသို့ ...

Sunday, November 23, 2008

ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်၊

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြင်းပြင်းထန်ထန် ရူတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီက မနေ့က ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြင်သစ်နိုင်ငံ အဆိုတင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မယ် ၂၉ မဲနဲ့ မဲပေးဘဲ နေခဲ့တဲ့ နိုင်ငံ ၆၃ မဲရှိခဲ့တဲ့အကြောင်း အထွေထွေညီလာခံ သဘာပတိက ကြေညာလိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာနေတာကို နိုင်ငံတကာက အာရုံစူးစိုက်လာနိုင်အောင် ရည်ရွယ်တာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို ၀ိုင်းဝန်း အဖြေရှာ နိုင်အောင် ကြိုးပမ်းကြဖို့ ရည်ရွယ်ပါတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက အထွေထွေညီလာခံကြီးမှာ ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရဟာ အရင် အထွေထွေ ညီလာခံကြီးနဲ့ လူ့အခွင့်အရေးကောင်စီ က ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်း မရှိဘူးဆိုပြီး ဘာသာပြန်ကတဆင့် အခုလို ပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆုတ်ယုတ်မှု အခြေအနေတချို့ကြောင့် စိုးရိမ်နေရတဲ့ အနေအထားတွေ ရှိနေရတာပါ။ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကလည်း လွတ်လပ်မျှတတဲ့ အထွေထွေရွေးကောက်ပွဲတခု ပေါ်လာဖို့အတွက် အနိမ့်ဆုံးအဆင့် လိုအပ်တဲ့ သတ်မှတ်ချက်တွေတောင် ပြည့်မှီတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့အချိန် ဒီ လူထုဆန္ဒခံယူပွဲကို ကျင်းပခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုလည်း ထောင်ဒဏ်တွေ ချမှတ်အရေးယူနေပါတယ်။”
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ ပြင်သစ်နိုင်ငံ အပါအ၀င် အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဘို့အတွက် ဒီ ဆုံးချက်မှုကြမ်းကို တင်သွင်းခဲ့တာလို့ ပြောပါတယ်။ ဒီ ဆုံးဖြတ်ချက်စာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ မူကြမ်းဖြစ်ပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို မသိကျိုးကျွံပြုနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချနေတာမျိုးတွေကို ဆန့်ကျင်ပါတယ်။ ပဋိဉာဉ် စာတမ်းအရ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် လုပ်ဆောင်တဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်လာအောင် ကြိုးပမ်းသင့်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေနဲ့ ဖိအားမပေးသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖိအားပေးဖို့ ပစ်မှတ်ထားတဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ဆန့်ကျင်ပါတယ်။” - လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်က ပြောသွားတာပါ။
ကုလသမဂ္ဂရဲ့ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာနေတဲ့အခြေအနေကို အသိအမှတ်ပြုဖို့ တောင်းဆိုသွားပါတယ်။
“စောစောပိုင်းက ကျနော် ပြောခဲ့တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံဟာ အကျဉ်းသား ၉,၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့မရှုတဲ့ မူတွေကို ကိုင်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးကို လည်း ဖွင့်ထားပါတယ်။ အဆင့် (၇) ဆင့်ပါ နိုင်ငံရေးလမ်းပြ အစီအစဉ်တွေကို အကောင်အထည်ဖေါ်ရေး ကြိုးပမ်းချက်တွေမှာလည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရနေပါပြီ။” - ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ က ပြောသွားတာပါ။
ဒီလို မြန်မာသံအမတ်ကြီးက ပြောသွားပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အခါသမယ နီးကပ်လာတဲ့အချိန် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ် ၆၀ ကျော် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေတယ် ဆိုတာကို မနေ့က ကုလသမဂ္ဂ ဆုံးဖြတ်ချက်က ပြလိုက်တာပါ။
ကမ္ဘာ့နိုင်ငံတွေက မျက်ကွယ်မြန်မာနိုင်ငံ အပြင် အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေကိုလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အတွက် ရှုတ်ချတဲ့အကြောင်း မနေ့က အထွေထွေညီလာခံရဲ့ တတိယကော်မတီ က ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကလည်း အထွေထွေညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်လိုက်ပြီး ဒီလို ဆုံးဖြတ်ချက် ချနိုင်အောင် ပူးတွဲ အဆိုပြုခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကို အထိုက်တန်ဆုံး ပြန်ပေးဆပ်ရမယ်လို့ သတိပေး ခြိမ်းခြောက် ထားပါတယ်။

အပြည့်အစုံသို့ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အမျိုးသားအောင်ပွဲနေ့ ကြေညာချက်၊



အပြည့်အစုံသို့ ...

မြန်မာပြည်လွှတ်မြောက်ရေးအဖွဲ့ ချုပ်၏ အမျိုးသားအောင်ပွဲနေ့ ကြေညာချက်၊



အပြည့်အစုံသို့ ...