Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, February 4, 2009

သူရဲကောင်း (မောင်နီမော်)

သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
မဲဆောက်သူရဲကောင်း
ဖို့ ဝိန်းသူရဲကောင်း
ဆော့လိတ်သူရဲကောင်း
လော့အိန်ဂျလီ့ သူရဲကောင်း
ဒဗ္ဖလင်သူရဲကောင်း
ယူကေ သူရဲကောင်း
ဆိုလ်း သူရဲကောင်း
ကွာလာလန်ပူ သူရဲကောင်း
မီဒီယာပေါ်က သူရဲကောင်း။

သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
မြစ်ကို မဖြတ်ကူးနိုင်ခဲ့ဘူး။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
ကျောက်တုံးကို ရွေ့ အောင်မလုပ်နိုင်ခဲ့ဘူး။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
ပြည်ဖုံးကားလိပ်ကို မချနိုင်ခဲ့သေးဘူး။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
မျက်ရည်တွေသုတ်ပေးမယ့်လက်က
ကိုယ်တိုင် မျက်ရည်တွေကို သိမ်းဆည်းနေရဆဲပဲ။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
ပုလွေမှုတ်ပြီး ကြွက်တွေကို မြစ်ထဲရောက်အောင်
မခေါ်ဆောင်သွားနိုင်သေးဘူး။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
အိပ်ပျော်နေတဲ့ မင်းသမီးလေးကို
မကယ်တင်နိုင်ခဲ့သေးဘူး။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
တခါကကို တမ်းတနေပြီး
လက်ပိုက်ကြည့်နေရတဲ့ အဖြစ်က မတက်သေးဘူး။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
ဒူးမထောက်တာလေး တခုပဲ
သူရဲကောင်းလို့  ခေါ်စရာရှိတော့တယ်။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
အဖြူနဲ့  အနက်ကွက်တွေပေါ်မှာပဲ
ဘုရင်နဲ့  ဘုရင်မကို စားလိုက်နိုင်ခဲ့တယ်။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
မဲဆောက်သူရဲကောင်း
ဖို့ ဝိန်းသူရဲကောင်း
ဆော့လိတ်သူရဲကောင်း
လော့အိန်ဂျလီ့ သူရဲကောင်း
ဒဗ္ဖလင်သူရဲကောင်း
ယူကေ သူရဲကောင်း
ဆိုလ်း သူရဲကောင်း
ကွာလာလန်ပူ သူရဲကောင်း
မီဒီယာပေါ်က သူရဲကောင်း။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
သူရဲကောင်းလက်မှတ်ရထားပြီး
အလုပ်မလျှောက်ရသေးသူနဲ့ တူတယ်။
သူရဲကောင်းတော့
သူရဲကောင်းပဲ
ဒါပေမယ့်
သမိုင်း တရားခံမဖြစ်အောင်
မနည်းလုပ်နေရတဲ့သူရဲကောင်း။ ။
မောင်နီမော်

အပြည့်အစုံသို့ ...

Monday, February 2, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို ဂမ်ဘာရီတွေ့ဆုံခဲ့


Type your summary here

မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ တပြိုင်တည်းတွေ့ဆုံပြီး တနာရီကျော် ဆွေးနွေးခဲ့သည်။
မစ္စတာဂမ်ဘာရီနှင့် မတွေ့မီ ဒေါ်အောင်ဆန်းကြည်နှင့် အန်အယ်လ်ဒီ စီအီးစီ (၆) ဦးတို့ (၁၅) မိနစ်ခန့် သီးခြားတွေ့ဆုံခွင့်ရခဲ့သည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ပါဝင်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။
မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေး၊ နအဖနှင့် အန်အယ်လ်ဒီ တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များ ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါအချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစောပိုင်းတွင် သဘောတူပြီးမှ မစ္စတာ ဂမ်ဘာရီနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မစ္စတာ ဂမ်ဘာရီက စီးပွားရေး အကူအညီပေးရေးကိစ္စ ဆွေးနွေးရာတွင် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရထားခြင်း မရှိသည့်အတွက် မဆွေးနွေးနိုင်ကြောင်း အန်အယ်လ်ဒီက တုံ့ပြန်ခဲ့သည်။
ဦးလွင်မှာမူ ကျန်းမာရေးမကောင်းသည့်အတွက် ဂမ်ဘာရီနှင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိပေ။ သို့သော် ဂမ်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောရာတွင် “ဂမ်ဘာရီအနေနဲ့ ၀တ္တရားအရ သွားတယ်၊ လာတယ်၊ တွေ့တဲ့အခါကျတော့ အလုပ်မဖြစ်တော့ဘူးပေါ့။ သူကတော့ ယူအန်မှာ တော်တော်လေး ၀ါရင့်သွားပြီထင်တယ်။ အဲလိုလူတွေကတော့ လုပ်တတ်ကိုင်တတ်တယ်။ ရာဇာလီလို လူနဲ့ယှဉ်ပြောရရင် မတူပါဘူး ကွာပါတယ်။ ဟိုလူ (ရာဇာလီ) ကတော့ စေတနာနဲ့ အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်တယ်လေ။ ဂမ္ဘာရီကေတာ့ အဲလုိမဟုတ္ဘူး။ ပုံမှန်လုပ်စားတဲ့ သဘောများလားတော့ မသိဘူးလေ။ ဒီလို စွပ်စွဲတော့လည်း မကောင်းဘူးပေါ့လေ။ ခုကတော့ သူ့ဘက်ကိုယ့်ဘက် Reconciliation လုပ်ကြပြီးမှ ဒိုင်ယာလော့ကို သွားကြပေါ့လေ။ အဲဒီလို (၂) ဆင့်နဲ့သွားတာ၊ ရာဇာလီတုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ” ဟု ပြောသည်။
ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကိစ္စ ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင် တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကားပြောဆိုသည်။
တနင်္လာနေ့ထိ မစ္စတာဂမ်ဘာရီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမရ အတိအကျ မသိရသေးပေ။
၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင် ခံစာတစောင် တင်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမှ အဆိုပါအစီအစဉ်ကို စစ်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဂမ်ဘာရီ၏ အစီရင်ခံစာတွင် ပါသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

အပြည့်အစုံသို့ ...

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)

Type your summary here

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။
လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။
၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

အပြည့်အစုံသို့ ...

Sunday, February 1, 2009

ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်သော သံဃာတော်တပါး အင်းစိန်အကျဉ်းထောင်တွင်း ပျံလွန်တော်မူ


မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်သဖြင့် ထောင်ကျခံနေရသူ သက်တော် ၆၂ နှစ်ရှိ သံဃာတော် ဦးအာနန္ဒာသည် ပြီးခဲ့သည့်လအတွင်း ပျံလွန်တော်မူခဲ့သည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် သစ္စာသရဖူ ကျောင်းတိုက်မှ ၀ါတော် ၄၀ ရှိ ဦးအာနန္ဒာ (ခ) ဦးအောင်ဇေယျမှာ ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ကျခံနေရစဉ် အင်းစိန်ထောင်တွင်း၌ပင် ပျံလွန်တော်မူခြင်းဖြစ်သည်။
"ထောင်အာဏာပိုင်တွေက မြောက်ဥက္ကလာ ရဲစခန်းကို အကြောင်းကြားတယ်။ ရဲစခန်းကနေ သံဃနာယက အဖွဲ့ကို အကြောင်းကြားတယ်။ သံဃနာယကအဖွဲ့ကနေ ဦးဇင်း ကျောင်းထိုင်ခဲ့တဲ့ သစ္စာသရဖူ ကျောင်းတိုက်ကို လာပြောလို့ သိရတယ်" ဟု ဆရာတော်၏ ဆွေမျိုးများနှင့် နီးစပ်သူတဦးက ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုလုပ် ဖြေရှင်းကြပါရန် ရန်ကုန်မြို့လမ်းမများပေါ်တွင် မေတ္တာသုတ်များ ရွတ်ဆို ပန်ကြားခဲ့ကြသူ သစ္စာသရဖူ ကျောင်းတိုက်မှ ဦးအာနန္ဒာ အပါအ၀င် သံဃာတော်များ၊ သီလရှင်များ စုစုပေါင်း ၁၄ ပါးမှာ ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ရသည်။
အားလုံးကို သာသနာ ညှိုးနွမ်းစေမှု၊ ညစ်ညမ်းစာအုပ်ဖြန့်ဝေမှု အစရှိသည့် ပုဒ်မ ၃ ခုဖြင့် စွဲချက်တင်ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ် တရားရုံးက ရှေ့နေငှားရမ်းခွင့်မပေးဘဲ ထောင်ဒဏ် ၄ နှစ်နှင့် ၃ လစီ ပြစ်ဒဏ်စီရင်ခဲ့သည်။

အပြည့်အစုံသို့ ...