Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, May 13, 2009

နအဖစစ်အုပ်စုမှ ဗိုလ်မှူးချုပ် တစ်ဦး KNUနှင့် ရင်ဆိုင် တိုက်ပွဲတွင် ကျ၊

Type your summary here

နအဖစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ၂ ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ယခုလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ နအဖတပ်မှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးကျ ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကျဆုံးသည့် အသက် ၄၉ နှစ်ရှိ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ရခိုင်ပြည်နယ် တောင်ကုတ် အခြေစိုက် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဖြစ်သည်ဟု မြန်မာ စစ်တပ် အသိုင်းအ၀န်းနှင့် KNLA တို့မှ အတည်ပြု ပြောဆိုသည်။
ယခုကဲ့သို့ မြန်မာစစ်တပ်ဘက်မှ အဆင့်မြင့် အရာရှိတဦး ကျဆုံးမှုသည် ၁၉၄၈ ခုနှစ်မှ စတင်၍ ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း စစ်ရေး လေ့လာသူများ၏ ပြောဆိုချက်အရ သိရသည်။
ကျဆုံးသူ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ကရင်ပြည်နယ် ဒေသအတွင်းရှိ နအဖ တပ်စခန်းများရှိသော ဘူဆာခီးနှင့် နောဆိုး လက်နက်ကြီး စခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အပြန် လမ်းခုလပ် တနေရာ၌ ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံးရခြင်း ဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး (၁) ဖဒို စောလှငွေက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ဆီက တပ်ဖွဲ့တွေက ကားလမ်းကို ဖြတ်ဖို့လုပ်နေတဲ့ အချိန်မှာ သူတို့ (နအဖ) ကားတန်း ဆင်းလာတဲ့ အချိန်နဲ့ ထိပ်တိုက်တိုးပြီး ၁၀ မိနစ်ခန့်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်”ဟု ၎င်းက ပြောသည်။
ယင်း ဗိုလ်မှူးချုပ် ကောင်းမြတ်၏ ရုပ်အလောင်းကို ညတွင်းချင်းပင် နေပြည်တော်သို့ သယ်ဆောင်သွား သည်ဟုလည်း ဖဒို စောလှငွေက ဆိုသည်။
ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်းမှာရှိ ဒေသခံ ရွာသားများကို လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခြင်းများ ပြုလုပ်သူ ဖြစ်ကြောင်း အတိုက်အခံ သတင်းရပ်ကွက်များက ပြောသည်။
၎င်းသည် အမှတ်စဉ် ၂၃ စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ စတင်၍ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဖြစ်လာခဲ့သည်။
ယခုတိုက်ပွဲတွင် နအဖဘက်မှ အင်အား ၁၀၀ ခန့်ရှိကြောင်း ကရင်သတင်း ရပ်ကွက်က ဆိုသည်။ နှစ်ဘက် အထိအခိုက် အကျအဆုံးကိုမူ မသိရှိရပေ။
KNLA ၏ အဆိုရ ၂၀၀၉ ခုနှစ် ပထမ လေးလအတွင်း မြန်မာစစ်တပ်မှ အရာရှိ ၁၂ ဦးအပါဝင် တပ်သားအဆင့် ၂၂၅ ဦးကို ချေးမှုန်းနိုင်ခဲ့ပြီး ၄၄၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ KNLA ဘက်မှ ၇ ဦးကျဆုံး၍ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေခီး ဒေသရှိ KNLA တပ်ရင်း ၂၀၁ စခန်းကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့ ပူးပေါင်း၍ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
၁၉၄၈ ခုနှစ်မှ စတင်၍ မြန်မာစစ်အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့ တို့သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် KNLA ဌာနချုပ်ကို ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်း အခြေစိုက်ခဲ့သည်။

No comments: