Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, April 22, 2009

လှည်းတန်း (နေမျိုးခိုင် )

သောကြာနေ့၊ ဧပြီလ 17 2009 14:57 - မြန်မာစံတော်ချိန်
ခုနှစ်မိုင်၊ ခြောက်မိုင်ခွဲ
ပြီးတော့၊ ရန်ကုန်နဲ့ မြို့လယ်ခေါင်နဲ့
၆ မိုင်ပဲ ဝေးတယ်
ငါးလမ်းဆုံတဲ့ နေရာ။
ဈေးတန်း၊ သစ်ပင်တန်း
ရေကန်အင်းလျား၊ ကျောင်းသား
ဒါထက် သူ့ရဲ့နှလုံးသား
ရန်ကုန်ရဲ့ နှလုံးသား
ပြီးတော့ နိုင်ငံရဲ့နှလုံးသား
တက္ကသိုလ်ကြီး ရှိတယ်
အဲဒါ လှည်းတန်း။
နယ်ကလာတဲ့သူ အားလုံးအတွက်
လှည်းတန်းဟာ ရန်ကုန်အဝင်
လှည်းတန်းဆို လူတိုင်းသိ
နယ်ကလူ လှည်းတန်းမှာချ
လိုရာနေရာ သူ သွားနိုင်တယ်
အဲဒီလို ယဉ်ပါးတဲ့ လှည်းတန်း။
နယ်ကျောင်းသားတွေက ဆိုတယ်
“လှည်းတန်းဟာ ငါတို့ အိမ်ယာ
လှည်းတန်းဟာ ငါတို့ လယ်ယာ
လှည်းတန်းဟာ ငါတို့ ဘာသာ
လှည်းတန်းဟာ ငါတို့ အိမ်
လှည်းတန်းဟာ ငါတို့ မိုးတိမ်
ငါတို့ အနာဂတ်အားလုံးဟာ
လှည်းတန်းက စ, ခဲ့ကြရတယ်”
အဲဒီလို ထဲထဲဝင်ဝင် လှည်းတန်း။
တခါကဆို
လှည်းတန်း ညနေဈေးခင်းမှာလည်း
မျောဝင်သက်ဆင်းဖူးမှ
အင်းလျားညနေ မြက်ခင်းမှာလည်း
ခြေဆင်းဖူးမှ
အဓိပတိလမ်းမှာလည်း
လျှောက်ဖူးအုံးမှ
Library ရှေ့မှာလည်း ဓာတ်ပုံရိုက်ဖူးအုံးမှ
သစ်ပုတ်ပင်ကြီးပေါ်မှာလည်း
စာရေးဖူးအုံးမှ
ဖူးမှ …. ဖူးမှ … တခါက။
၁၉၂ဝ မှာ သမိုင်းလှခဲ့ပေမယ့်
၁၉၆၂ မှာ သေနတ်သံညံခဲ့တဲ့
၁၉၇၄ မှာ မီးလောင်တိုက် အသွင်းခံခဲ့ရတဲ့
၁၉၈၈ မှာ အဓိပတိလမ်းပေါ် လဲကျခဲ့ရတဲ့
သူ့အသည်းနှလုံးကို
လှည်းတန်းဟာ ရင်ခွင်ထဲ ထွေးထားခဲ့တယ်
ကျားကန်ပေးခဲ့တယ်
စင်မြင့်လုပ်ပေးခဲ့တယ်။
ဒါ တရား
လှည်းတန်းဟာ
အမှားမလုပ်ဘူး။
ဒါပေမဲ့
အမှန်တရားကို တန်ဖိုးမထား
အသစ်ကို မနှစ်သက်
လူငယ်ကို နားမလည်တဲ့
လက်သည် တရားခံ တစုက
လှည်းတန်းကို operation လုပ်
သူ့နှလုံးသားကို ဆွဲထုတ်ပြီး
အစိမ်းတောင် ပြန်ချုပ် မပေးခဲ့ဘူး
ပါသွားပြီ ပါသွားပြီ။
ခုဆို
အသားဟင်းသေးသေးနဲ့ ထမင်းတပွဲ
လေးကျပ်ခွဲနဲ့ ပေးစားခဲ့ရတဲ့
လှည်းတန်းရဲ့ ဦးဖျားမှာလည်း
ရဲကင်းတဲ တတဲ။
ခုဆို
အဓိပတိလမ်းကိုပိတ်
တက္ကသီလာ ဦးကင်းထိပ်မှာလည်း
မင်းအဆိပ်တွေနဲ့
စစ်ဟယ်, ဆေးဟယ်။
ခုဆို
ကိုကြီးနုတို့ ကိုအောင်ဆန်းတို့
နေခဲ့တဲ့ အိပ်ဆောင်တွေ
သင်ခဲ့တဲ့ စာသင်ဆောင်တွေလည်း
တိတ်နေ ဆိတ်နေ။
ဒါပေမဲ့
အမှန်တရားအတွက်
ပေးဆက်ကြမယ့် ပင်ပျိုများကို
လှည်းတန်းဟာ
ဘယ်သောအခါများကမှ လက်ပိုက်မကြည့်ဖူးဘူး။
ပစ်စလက်ခတ် အလုပ်ခံရတဲ့
အသည်းနှလုံးမဲ့ လှည်းတန်းကို
ဘယ်သောအခါမှလည်း တားဆီးမရဘူး။
ကမ်းပြိုရင် သောင်ထွန်းတယ်
ရန်ကုန်မိသားစုမှာ
လှည်းတန်းဟာ အပျိုမ
လတ်ဆတ်တဲ့ အသစ်တွေနဲ့
အမြဲဖြစ်နေတဲ့ ကညာ … ။။

No comments: