Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, December 23, 2008

ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်ရောက်နေရ၊


ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၃ ဦးသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ယခုအခါ ထောင်ဆေးရုံတွင် တက်ရောက်ကုသနေရသည်။
နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များအား ကူညီစောင့်ရှောက်သူ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ (လှိုင်မြို့နယ်)၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု (လှိုင်သာယာမြို့နယ်) နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်းမြို့နယ်) ၏ ကျန်းမာရေး အခြေအနေသည် တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာသည့်အတွက် အင်းစိန်ထောင်တွင်းရှိ ဆေးရုံတွင် ကုသနေရခြင်း ဖြစ်သည်။
"မယဉ်ယဉ်ဝိုင်းက လွန်ခဲ့တဲ့ ၂ လက စဖြစ်နေတယ်။ အစာအိမ်က နဂိုကတည်းကရှိတော့ ကျန်ခဲ့တဲ့ ၂ လ လောက်ကစပြီး ဆန်ပြုပ်ပဲ သောက်နေရတယ်။ ထမင်းမစားဘူး။ ပေါင်မုန့်လေး၊ ဘီစကစ်လေးပဲ စားနေတာ။ ကျန်ခဲ့တဲ့ တပတ်က အန်တော့ သွေးပါတယ်" ဟု ပြောသည်။
သူက ဆက်ပြီး "အရင်တုန်းကလည်း ဆန်ပြုပ်သောက်ပေမယ့် ၂ လ အတွင်းမှာ နည်းနည်းချင်း အန်တယ်။ အခုလို မဖြစ်ဘူး။ သူ့ဆီမှာ အမျိုးသမီးရောဂါ ရှိတယ်။ ခွဲစိတ်ဖို့ ဘာညာလည်း ရှိတယ်။ ဒီအပတ် သူ့အမနဲ့ တွေ့တော့ အပြင်ကို ထုတ်ပြီး ဆေးကုသခွင့်ရအောင် အထက်ကို စာတင်မယ်လို့ သိထားတယ်။ လောလောဆယ် မတင်ရသေးဘူး" ဟု ပြောသည်။
မယဉ်ယဉ်ဝိုင်းသည် ယခုနှစ် မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဒုက္ခသည်များကို ကူညီမူ့ ဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ လှိုင်သာယာ အန်အယ်ဒီအဖွဲ့ဝင် ဦးတင်ယုကို ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ကာ ယခုအခါ သူသည် အရိုးကျီးပေါင်းတက် ရောဂါကြောင့် ထောင်ဆေးရုံတွင် ကုသနေရသည်။
"ဦးတင်ယုက အရိုးကျီးပေါင်းတက် ရောဂါနဲ့ ခြေထောက်ကို ဂဲ စွဲနေရတယ်။ ထောင်ဆေးရုံကို သူ့အဆောင်ကနေ သွားတယ်။ ခြေတောက်ကို ဂဲ စွဲရတာက အချိန်ပိုင်းနဲ့ ကုသနေတယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ဦးတင်ယုလိုပဲ ၈၈ ကျောင်းသားခေါင်းဆောင်တဦး စမ်းချောင်း ကိုကိုကြီးလည်း ဂဲ စွဲနေရတယ်။ သူ့ကျတော့ အချိန်ပိုင်းနဲ့ မဟုတ်ဘူး။ အမြဲတမ်း ဂဲ စွဲဖို့ အင်းစိန်ထောင် ဆေးရုံကို ရောက်နေပြီ။ ဘာရောဂါမှန်း မသိရသေးဘူး" ဟု ပြောသည်။

No comments: