Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 24, 2008

ရာဇ၀တ်မှုကျူးလွန်သူတရားသူကြီးများ

Type your summary here

ဒီရက်ပိုင်းထဲ နိုင်ငံရေးအကျဉ်းသားတွေကို မတရားနှစ်ရှည်ချမှတ်တာနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် Global Justice Center နဲ့ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီတို့က တရားသူကြီးတွေကို အိုင်စီစီ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ အရေးယူဖို့ ပြင်ကြမယ်ဆိုပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မတရားပြစ်ဒဏ်ချခဲ့တဲ့ အဲဒီတရားသူကြီးတွေကို အိုင်စီစီ (ICC) တင်ဖို့ အမည်စာရင်းတွေနဲ့ တကွ ထုတ်ဖော်ထားပါတယ်။
အုပ်ချုပ်ရေး ဥပဒေပြဌာန်းရေးနဲ့ တရားစီရင်ရေးဆိုတဲ့ ကဏ္ဍသုံးခုဟာ ဒီမိုကရေစီနိုင်ငံတွေမှာတော့ သီးခြားလွတ်လပ်ပြီး တခုနဲ့တခုနဲ့ အပြန်အလှန် ထိန်းညှိုထားတာပါ။ အုပ်ချုပ်ရေးဆိုတဲ့ အစိုးရအဖွဲ့ ဥပဒေပြဌာန်းရေးဆိုတဲ့ လွှတ်တော်နဲ့ တရားစီရင်ရေးဆိုတဲ့ တရားရုံးတွေဟာ တဖက်ဖက်က အာဏာအလွဲသုံးစားမလုပ်နိုင်အောင် စောင့်ကြည့်ပါတယ် - အရေးယူနိုင်ပါတယ်။
မြန်မာနိုင်ငံလို ဒီမိုကရေစီကင်းမဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်တိုင်းပြည်မှာတော့ အုပ်ချုပ်တာလည် စစ်အာဏာရှင် ဥပဒေပြဌာန်းတယ်ဆိုတာလည် စစ်အာဏာရှင် တရားစီရင်ချက်ချတာလည်း စစ်အာဏာရှင်ပါပဲ။ မြန်မာနိုင်ငံမှာက ဥပဒေပြဌာန်းနိုင်တဲ့ လွှတ်တော်မရှိပါဘူး။ ၁၉၉၀ခုနှစ်တုန်းကတော့ လွှတ်တော်ရွေးကောက်ပွဲရှိခဲ့ပါတယ် - စစ်တပ်က အနိုင်ရတဲ့သူကို လွှတ်တော်ခေါ်ခွင့်မပေးတာကြောင့် လွှတ်တော်ဆိုတာ မရှိတာပါ။ အုပ်ချုပ်ရေးပိုင်းကတော့ စစ်တပ်ဗိုလ်ချုပ်တွေရဲ့ စစ်အုပ်ချုပ်ရေးပါ။ တရားစီရင်ရေးမှာတော့ အရပ်သားတွေ ရှိနေပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ အရပ်သားတရားသူကြီးတွေပါ။ နိုင်ငံတကာ တရားသူကြီးတွေ အစည်းအဝေး တရားဥပဒေစိုးမိုးမှုဆိုင်ရာအစည်းအဝေးတွေမှာ သူတို့ တတ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် လက်မှတ်တွေ ထိုးပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးအတွက် ကတိက၀တ်ပြုပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက တရားသူကြီးချုပ်ဦးအောင်တိုးနဲ့ တရားရေးဌာနကတော့ မြန်မာနိုင်ငံတွင်း ဥပဒေစိုမိုးမှုမပြောနဲ့၊ နိုင်ငံသားတွေ ဥပဒေအတိုင်းရပိုင်ခွင့်တွေကိုတောင် သူတို့က ချိုးဖောက်နေတယ်လို့ ပြောရပါမယ်။ မကြာခင်က နိုင်ငံရေးအရထိမ်းသိမ်းထားသူတွေကို တရားစီရင်တဲ့ တရားခွင်တွေမှာ ဥပဒေအတိုင်းရပိုင်ခွင့်တွေကို တရားရေးဌာနကိုယ်တိုင်က ချိုးဖောက်ခဲ့ပါတယ်။ ပြစ်မှုတခုကို ပုဒ်မတခုနဲ့ပဲ အရေးယူရမယ်၊ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်ဖို့ စဉ်းစားတဲ့အခါမှာ ပြစ်ဒဏ်အနည်းအများကို တရားသူကြီးရဲ့ ဆင်ခြေတုံတရားနဲ့ အခြေပြုရမယ် - စတဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို ချိုးဖျက်ပြီး နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်၅၀ နှစ် ၆၀ အထိန်းအကွပ်မရှိ ထင်တိုင်း နှစ်ရှည်တွေ ချမှတ်ခဲ့ပါတယ်။ အချို့ဆိုရင် အသက် ၂၀အောက် တတ်လူငယ်တွေ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အမိန့်အတိုင်းလုပ်ရတာပဲဖြစ်ဖြစ် - စစ်အာဏာရှင်တွေရဲ့အလိုကျ လိုက်လုပ်ပေးတာဖြစ်ဖြစ် - အခုလို တရားရေးစနစ်ကို အသုံးချပြီး နိုင်ငံသားအုပ်စုတစုကို နှိပ်ကွပ်ဖို့ နိုင်ငံရေးအရဒေါက်တိုင်အလုပ်ခံတာဟာ Crimes against Humanity လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်ပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ တရားရုံးတွေမှာ ပါဝင်ဆုံးဖြတ်တဲ့ တရားသူကြီးတွေကိုယ်တိုင် ကျူးလွန်မိတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒီအပေါ်မှာ ရှေ့နေ ရှေရပ်အဖွဲ့တွေက အရေးယူဖို့ စဉ်းစားကြတာ တရားပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ချေကြည့်ရအောင်။ Rome Statute ရဲ့ ပုဒ်မ ၁၃ဖော်ပြချက်အရ အိုင်စီစီမှာ ကြားနာနိုင်မယ့် အခြေအနေ နည်းလမ်းသုံးလမ်းရှိပါတယ်။
အရေးအကြီးအဆုံးအချက်ကတော့ မြန်မာနိုင်ငံဟာ အိုင်စီစီ နိုင်ငံတကာရာဇ၀တ်ခုံရုံးကို သဘောတူလက်ခံတဲ့ Rome Statute ကို လက်မှတ်ထိုးထားတာမဟုတ်တာကြောင့် ပထမဆုံးနည်းလမ်း မဖြစ်နိုင်ပါဘူး။ နောက်နည်းလမ်းတခုဖြစ်တဲ့ Prosecutor (တရားရုံးရှေ့နေ) ဖြစ်သူကနေ ဒါကို စုံစမ်းစစ်ဆေးပြီး အမှုတင်နိုင်တာပါ။ Rome Statute ရဲ့ ပုဒ်မ ၁၅ ဖော်ပြချက်အရ လုပ်ထုံးလုပ်နည်းက အင်မတန်ရှုပ်ထွေးပါတယ်။ မြန်မာနို်င်ငံအခြေအနေနဲ့ မဖြစ်နိုင်သေးပါဘူး။ တတိယနည်းလမ်းကတော့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ တရားရုံးမှာ ကြားနာဖို့ အမှုလွဲပြောင်းပေးတာပါ။ မြန်မာနိုင်ငံဟာ လုံခြုံရေးကောင်စီအစည်းအဝေး အာဂျင်ဒါထဲမှာ ရှိပြီးသားဖြစ်တော့ ဒီနည်းကို ဖြစ်နိုင်ချေရှိတယ်လို့ ရှေ့နေအဖွဲ့တွေက ယူဆပုံရပါတယ်။ ဒါအပြင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆုံးဖြတ်ချက်တွေ ချမယ်လုပ်တိုင်း ဗီတိုသုံးလေ့ရှိတဲ့ တရုတ်နိုင်ငံကလည်း - နိုင်ငံရေးမဟုတ်ပဲ ဥပဒေစိုးမိုးရေးကိစ္စရပ်ဆိုရင်တော့ (အနည်းဆုံး) မငြင်းတောင်မှ မသိချင်ယောင်ဆောင်နေမယ်လို့ ယူဆပုံလည်းရပါတယ်။ အမှုဖြစ်စဉ်အရလည်း ဆူဒန်နဲ့ အီရတ်က တရားသူကြီးတွေ အာဏာရှင်တွေအကြိုက် အလားတူ လုပ်ခဲ့တာမျိုးတွေကို နိုင်ငံတကာက အရေးယူခဲ့ပြီးပြီလို့ ထောက်ပြပါတယ်။
ဒါပေမယ့် ကျနော်အမြင်တခုကတော့ နိုင်ငံရေးပြဿနာအရင်မရှင်းနိုင်ပဲ လူ့အခွင့်အရေးအခြေအနေတွေကို ဘယ်လိုမှ ကိုင်တွယ်မရဘူးဖြစ်နေတဲ့ကိစ္စပါ။ ဒါ ကမ္ဘာကြီးမှာဖြစ်နေတဲ့ အမှန်တရားပါ။ အစိုးရအများစုက လူ့အခွင့်အရေးတွေ ပြောကြဆိုကြပေမယ့် Political Commitment ဆိုတဲ့ တကယ်တမ်း လူ့အခွင့်အရေးကိုလိုလိုလားလားရှိပြီး ဖြစ်ရမယ်ဆိုတဲ့ပိုင်းဖြတ်မှုမျိုး မထားကြပါဘူး။ အိုင်စီစီ မှာကို ဒီပြဿနာရပ် ရှိနေပါတယ်။
ကုလသမဂ္ဂမှာလည်း လူ့အခွင့်အရေးကောင်စီတွေ လူ့အခွင့်အရေးကိုယ်စားလှယ်တွေ ထားပြီး နိုင်ငံတကာလူ့အခွင့်အရေးကိစ္စတွေ ပြောကြဆိုကြရပေမယ့် - ကမ္ဘာကြီးမှာ လူ့အခွင့်အရေးပြဿာနာကိုင်တွယ်မှုနဲ့ပတ်သက်လို့ ထိရောက်တဲ့ စနစ် ဖြစ်မလာသေးပါဘူး - လုံးလုံး မရှိသေးပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း နိုင်ငံရေးပြဿနာတွေနဲ့ နိုင်ငံရေးစနစ် လူမှုရေးစနစ်တွေကနေ မြစ်ဖျားခံလာပါတယ်။ ဒါကြောင့် နိုင်ငံရေးစနစ် လူမှုရေးစနစ်ဆိုးတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ ကမ္ဘာကြီးမှာ စနစ်ကောင်းကောင်းလိုပါသေးတယ်။
အခုလို မြန်မာနိုင်ငံက စစ်အာဏာရှင်အကြိုက် ရာဇ၀တ်မှုကျူးလွန်တဲ့ တရားသူကြီးတွေကို အရေးယူဖို့ကြိုးစားတာကို မဖြစ်နိုင်သေးဘူးလို့ ဆိုချင်ပေမယ့် - ကြိုးစားတာကိုတော့ အသိအမှတ်ပြုပါတယ်။ ကြိုးပမ်းသင့်တဲ့အရာလည်းဖြစ်ပါတယ်။ အခြေအနေဆိုတာ ရုန်းကန်ရင်းနဲ့လည်း ပြောင်းလဲလာတတ်ပါတယ်။ အနိမ့်ဆုံးအားဖြင့်တော့ လူသားမျိုးနွယ်တွေအပေါ် ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ ဒီ တရားသူကြီးတွေကို မှတ်တမ်းမှတ်ရာနဲ့ ပြုစုထားခြင်းအားဖြင့် တချိန် စစ်အာဏာရှင်အနိမ့်ပိုင်းကာလမှာတော့ အသုံးတည့်လာမယ်လို့ မှတ်ယူရပါတယ်။
တရားသူကြီးစာရင်းကိုတော့ အခုလို မှတ်တမ်းရပါတယ်။
၁။ တရားသူကြီးချုပ် ဦးအောင်တိုး
၂။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးသောင်းညွန့်
၃။ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးစိုးဥာဏ်၊ ဦးတင်ထွတ်၊ ဦးကျော်ဆွေ၊ ဦးစိန်လှ
၎။ ရန်ကုန်တိုင်းလှိုင်သာယာတရားရုံး တရားသူကြီး ဒေါ်အေးမြိုင်
၅။ ရန်ကုန်တိုင်း တာမွေမြို့နယ်တရားရုံး တရားသူကြီး ဒေါ်သန်းသန်း
၆။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်း
၇။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် တရားရုံး တရားသူကြီး ဒေါ်မြမြဆွေ
၈။ ရန်ကုန်တိုင်း အလုံမြို့နယ် တရားရုံး တရားသူကြီး ဒေါ်သီရိတင်
ဇိုးဇက်
ဒီဇင်ဘာ ၃၊ ၂၀၀၈။
http://komoethee.blogspot.com

No comments: