Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, November 18, 2008

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်၊





စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်၊
“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ကိုနေဘုန်လတ်၏မိခင်မှပြောသည်။
အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။
ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။
် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

No comments: