Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 17, 2008

သွေးစွန်းလက် (၀တ္ထုတို)


(တကယ်တော့ ဒီဇင်ဘာလဆိုတာ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ မှတ်တိုင်လေးတွေနဲ့ ပြည့်နှက်နေတဲ့ လလေးတခုပါပဲ။ ၁၉၉၁ မှာ 10D လှုပ်ရှားမှု ရှိခဲ့သလို၊ ၁၉၉၆ ကျတော့လဲ ကျောင်းသားများဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၁၉၉၆ ဒီဇင်ဘာလှုပ်ရှားမှုကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်)
သွေးစွန်းလက် (၀တ္ထုတို)
(၁)
၂ဝဝ၄ခုနှစ်၊စက်တင်ဘာ(၁၆)ရက်။
အလုပ်မှပြန်ရောက်ရောက်ချင်း ကွန်ပျူတာခလုတ်ကို သူမဖွင့်လိုက်သည်။ ဒါကလဲ သူမအမြဲလုပ်နေကျ။ ဒီလိုတိုးတက်လှသော နည်းပညာခေတ်ကြီးတွင် သတင်းအချက်အလက်များနှင့် မျက်ချေပြတ်နေလို့မရ။ အထူးသဖြင့် နိုင်ငံတစ်ခု၏ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲရန် ကြိုးစားနေကြသော သူမတို့လို တော်လှန်ရေးသမားများအတွက် သတင်းတစ်ခု၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်အောင် ကြီးမားလှသည်။ အီးမေးလ်ထဲသို့ဝင်ပြီး ပေးပို့ထားသော သတင်းတစ်ပုဒ်ကို သူမဖတ်ကြည့်လိုက်မိသည်။
သတင်းခေါင်းစဉ်က “ဝန်ကြီးချုပ်ကိုတိုင်းမှူးကအလဲထိုးနိုင်သလား” တဲ့။ အလာချည်းပါလား။ သူမဆက်ဖတ်ကြည့်သည်။
‘ဗိုလ်ချုပ်ကြီးခင်ညွန့် ညီလာခံပြီးရင် ရွေးကောက်ပွဲဝင်ဖို့ လျှို့ဝှက်ရံပုံငွေရှာပေးနေတဲ့ နယ်စပ်ကုန်သွယ်ရေးအဖွဲ့(နစက)ကို ဖျက်တော့မယ်လို့ သိရပါတယ်။ ကြားရပုံကတော့ ကွတ်ခိုင်နဲ့မူဆယ်ကြားမှာရှိတဲ့ နမ့်ဖကာစစ်ဆေးရေးဂိတ်မှာ နစကအဖွဲ့တကကဇော်မိုးနဲ့ တကကခင်အေးတို့ကို ၁၂၊၉၊၂ဝဝ၄ရက်နေ့မှာ စဖမ်းပြီးနောက်ပိုင်းကြားရတာပဲ။ အဲဒီနေ့မှာပဲ ရန်ကုန်က နစကချုပ်ဗိုလ်မှူးချုပ်မြင့်ဇော်နဲ့ စစ်မဟာဗျူဟာလေ့လာရေးရုံးက ဗိုလ်မှူးကြီးစန်းပွင့်တို့ မူဆယ်ရောက်လာတယ်။ ပြီးတော့ဖမ်းထားသူအားလုံးကို လားရှိုးတိုင်းမှူးရုံးကို ခေါ်သွားတယ်။ အခုထိ ဖမ်းထားသူအားလုံး (၁၅)ရက်နေ့ထိ (၅ဝ)ကျော်နေပြီ။ ဒီလိုလုပ်ဖို့ တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်က ပြင်နေတာကြာပြီ။ အခုမှ ဝန်ကြီးချုပ်ရန်ကုန်မှာ မရှိတုန်းထလုပ်ပစ်တာ။ ဒီနေ့ထိကြားရတဲ့ သတင်းကတော့ ဗိုလ်မှူးချုပ်မြင့်ဇော်နဲ့ ဗိုလ်မှူးကြီးစန်းပွင့်က တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်ကို နစကအဖွဲ့ဖျက်သိမ်းပေးဖို့ ဝန်ကြီးချုပ်ကို သူတို့ကိုယ်တိုင်ပြောပါ့မယ် ကတိပေးပြီး၊ (၁၅)ရက်နေ့က ရန်ကုန်ပြန်သွားကြတယ်။ အခုဖမ်းထားသူတွေထဲမှာ မူဆယ်က ဗိုလ်ကြီးစည်သူအောင်လဲ ပါတယ်လို့သိရပါတယ်’
ကွန်ပျူတာဖန်သားပြင်ကို ကြည့်နေသည့် သူမမျက်လုံးများ ပြာဝေသွားသည်။ ရင်ထဲတွင် ကတုန်ကရင်ဖြစ်လာသဖြင့် ရေတစ်ခွက်ကို သူမထသောက်မိသည်။
‘ဘယ်လိုလဲ။ဘယ်လိုဖြစ်ကုန်တာလဲ’
သာမန်ဖြစ်ရိုးဖြစ်စဉ် သတင်းတစ်ပုဒ်မဟုတ်တာတော့ သေချာသည်။နစကဆိုတာက နအဖဝန်ကြီးချုပ်ရဲ့ လက်ရုံးတစ်ခုဖြစ်သလို ဗိုလ်ကြီးစည်သူအောင်ဆိုတာကလဲ စစ်ထောက်လှမ်းရေးကနေ နစကတပ်ထဲ ရောက်သွားခဲ့သူပဲ။
‘မယုံနိုင်စရာပါပဲလားကိုကိုရယ်’
သူမတီးတိုး ရေရွတ်လိုက်မိသည်။
ကိုကို(သို့မဟုတ်)ဗိုလ်ကြီးစည်သူအောင်။
တသက်တခါ၊ တလွှာတပွင့်ရယ်လို့ သူမစွဲလမ်းမြတ်နိုးခဲ့ဖူးသူ။
ကုလားထိုင်ကို နောက်မှီထိုင်လိုက်ရင်း သူမအတွေးများက အတိတ်သို့ အလိုလိုရောက်သွားသည်။ ရှေ့တည့်တည့်မှ ကွန်ပျူတာဖန်သားပြင်ကိုလဲ မမြင်နိုင်တော့။
(၂)
‘သိပ်မကြိုးစားပါနဲ့ နန္ဒာရယ်။ နင့်မျက်နှာက တော်တော်ချောင်နေပြီသိလား။ စာမေးပွဲကဖြင့် အဝေးကြီးလိုသေးတယ်’
‘မလိုတော့ပါဘူးဟာ၊ တရက်ပြီးတရက်နီးနီးလာပြီဟ၊ ခြောက်လဆိုတဲ့အချိန်ဟာ မထင်နဲ့နော်၊ ဟိုလှည့်ဒီလှည့်နဲ့ ကုန်သွားမှာ’
‘အေးပါဟာ၊ နင်က ဆေးကျောင်းသွားမှာဆိုတော့ ပိုကြိုးစားရမှာပေါ့။ ငါက နင်နေမကောင်းဖြစ်မှာ စိုးရိမ်လို့ပါ’
‘အောင်မယ်၊ နင်ကကော မသွားမှာလိုက်လို့၊ စာသာမကျက်ချင်တာ၊ ဂျူတီကုတ်တော့ ဝတ်ချင်တယ်ဆို နင်ပဲပြောပြီးတော့’
ပြောပြောဆိုဆိုနှင့် ရယ်သံလေးများ လွင့်ပျံနေသည့်နေရာက မန္တလေးမြို့၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ စာသင်ခန်းလေးတစ်ခု။
‘ပြောသာပြောရတယ်ကြူမာရယ်၊ ငါသင်္ချာသိပ်မရဘူးဟ၊ ဂုဏ်ထူးရမှာတော့ သေချာပါတယ်ဟာ။ဒါပေမယ့်(၁ဝဝ)ရချင်တယ်။ အမှတ်တွေပေါင်းလိုက်ရင် သင်္ချာအမှတ်က အရမ်း carry လုပ်တယ်ဟ။’
‘နင်ပြောမှငါသတိရတယ်။ ငါ့ဆီမှာ သင်္ချာဂုဏ်ထူးတန်း နောက်ဆုံးနှစ်တက်နေတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရှိတယ်။ သူ့ကိုသင်ခိုင်းရင် မကောင်းဘူးလား။’
ဒီလိုနှင့်ပင် ကြူမာရဲ့ မိတ်ဆက်ပေးချက်အရ သူမနဲ့ ကိုစည်သူတို့ စတင်တွေ့ဆုံခဲ့ကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့ဆိုလျှင် ဘုရားကြီးနားမှာရှိသော ကိုကိုတို့အိမ်သို့ သူမတို့ရောက်နေကျ။ ကိုကိုသင်ပေးသည့် သင်္ချာပုစ္ဆာများကို တွက်ချက်ရင်း၊ ကိုကို့အမေ ချက်ကျွေးသည့် ထမင်းဟင်းများကို အဆောင်ကျောင်းသူတွေ ပီသစွာ အလုအယက်၊ ငတ်ကြီးတကျစားရင်း အလွန်ပျော်စရာ ကောင်းခဲ့သောအချိန်များပါပေ။
တခါတရံ ညနေအပြန် မဟာမြတ်မုနိဘုရားကြီးအား ဝင်ဖူးရင်း ဘုရားဈေးတန်းမှ မုန့်များဝင်စားရသည်မှာလဲ အစားကြိုက်သူ သူမအဖို့အမှတ်တရပါပဲ။
‘နန္ဒာကစာမေးပွဲပြီးရင် ရှမ်းပြည်ပြန်နေမှာလား’
‘ပြန်မှာပေါ့အစ်ကို။ ဆယ်တန်းကို အမှတ်များများနဲ့ အောင်ချင်လို့သာ မြို့ကြီးမှာ ကျောင်းလာတက်နေရတာ။ နယ်မှာလိုမပျော်ဘူး။’
‘မပျော်လို့ ဘယ်ရမလဲလေ၊ တက္ကသိုလ်တက်ရင် ပြန်လာရဦးမှာ။နောက်ဆို အမြဲနေသွားရမယ့်နေရာလဲ ဖြစ်ချင်ဖြစ်သွားမှာပေါ့။’
သူမအား စူးစူးစိုက်စိုက်ကြည့်ရင်း ကိုကိုက ပြောသည်။ဆယ်တန်းစာမေးပွဲဖြေဖို့ (၁ဝ)ရက်ခန့်အလိုမှာ ဦးနှောက်ဆေးသည့်အနေဖြင့် တောင်သမန်သို့ အလည်သွားခဲ့ကြသည်။တောင်သမန်အင်းဘေး စားသောက်ဆိုင်လေးမှာ ထိုင်ရင်း စကားလက်ဆုံကျတော့ ဆရာပီပီ ခပ်တည်တည်နေတတ်သူက မနောက်စဖူးနောက်လိုက်သည့်မို့ သူမနဲနဲအနေခက်သွားသည်။ ပညာရေးကိုသာ မျက်စိမှိတ် စိတ်နှစ်ထားပေမယ့် သူမလဲ ဆယ်ကျော်သက် ရင်ခုန်သံကို ခံစားတတ်သူပဲလေ။ကြူမာက “ယောင်းမ’ခေါ်ပြီး ကိုကိုနဲ့ စသည်ကိုလဲ အနဲငယ်ကျေနပ်မိသလို၊ ညစာကျက်ချိန်လေးတွေမှာ မသိမသာ ဝင်ရောက်နေရာယူတတ်တဲ့၊ စတစ်ကော်လာဖြူ၊ ပုဆိုးကွက်စိပ်လေး အမြဲဝတ်တတ်တဲ့ သူ့ကိုလဲ “ကိုကို’ရယ်လို့ ရင်ထဲကနေ တိတ်တခိုး ခေါ်ဝေါ်သုံးစွဲနေတတ်ခဲ့ပြီပဲ။
ဒီလိုနှင့် စာမေးပွဲကြီးပြီးသွားသည်နှင့်အမျှ အရာအားလုံးလဲ ပြီးသွားခဲ့ပြန်သည်။ မန္တလေးမြို့ကြီးမှ ခွဲခွာပြီး၊မွေးဖွားရာ ဇာတိမြို့လေးမှာ မိဘလက်ငုတ်လက်ရင်း ပွဲရုံလေးမှာ ပြန်ကူညီနေရသဖြင့် ကုန်စာရင်းများ၊ငွေစာရင်းများနှင့်သာ လုံးချာလည် လိုက်နေသည့်အဖြစ်။ ကြူမာလဲ သူ့မိဘများရှိရာ မိုးကုတ်သို့ ပြန်သွားသဖြင့် တခါတရံစာရေးဖြစ်သည်မှအပ မတွေ့ဖြစ်ကြတော့။ ကိုကိုဆီမှ စာလေးများတော့ တခါတရံ ရောက်လာတတ်သည်။ ကျောင်းပြီးပြီး၊ ဗထူးတွင်ဗိုလ်သင်တန်း တက်နေသည်ဆိုပဲလေ။လူကြုံရှိသဖြင့် ရှမ်းပဲပုတ်ထောင်းကြော်လေးများ၊ ဆီတို့ဖူး၊ မုန်ညင်းချဉ်လေးများ ပို့ပေးဖြစ်သည်။ကိုကို့ဆီက ကျေးဇူးတင်စာရတော့ သူမမှာ ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ကျောင်းဆင်းပွဲ ဖိတ်စာနှင့်အတူ၊ပခုံးပေါ်မှာ ရာထူးကြယ်ပွင့်လေး လာတပ်ပေးဖို့၊ သူ့မေတ္တာကို လက်ခံပေးဖို့ ကိုကို့ဆီက စာရောက်လာတော့ သူမမှာ တအံ့တသြ။ သူမမိဘများကို ဘယ်လိုပြောပြီးသွားရပါမည်လဲ။မြို့ကြီးမှာ ကျောင်းတစ်နှစ်သွားထားလိုက်တာ၊ ရည်စားပါရလာသည်ဟု စွပ်စွဲတာ သူမမခံနိုင်။ ပြီးတော့ သူမအသက်ကလဲ ငယ်သေးပါသည်လေ။ ကျောင်းဖွင့်ချိန်ကလဲ နီးလာပြီဆိုတော့ ကိုကိုနဲ့တွေ့မှပဲ အကြောင်းစုံ ရှင်းပြတော့မည်ဟု သူမဆုံးဖြတ်လိုက်မိသည်။
(၃)
‘မျှော်လင့်တွေ့ချင်နေသူ တစ်ယောက်ကို မမျှော်လင့်တဲ့အချိန်မှာမှ ပြန်တွေ့ရတာအတွက်တော့
သူမရဲ့ ဆိုးဝါးလှသော ကံကြမ္မာကိုပင် အပြစ်တင်ရမည်လား’
ကျောင်းတွေပြန်ဖွင့်တော့ သူမရည်မှန်းထားသည့်အတိုင်းပင် ဆေးတက္ကသိုလ်တက်ခွင့်ရသည်။ ကြူမာလဲ ဆေးကျောင်းရောက်လာသဖြင့် သူငယ်ချင်းနှစ်ယောက် အရမ်းပျော်သွားကြသည်။ ကြူမာ ပျော်သည်ထက် သူမက ပိုပျော်မည်ထင်ပါသည်။ ကြူမာဆီကနေ ကိုကို့အကြောင်းကြားရမည် မဟုတ်ပါလော။
‘ကြီးကြီးမျိုးက၊ အစ်ကိုအောင် သင်တန်းသွားကတည်းက မိုးကုတ် ပြန်ပြောင်းလာတယ်ဟ၊ကျောင်းဆင်းပွဲတုန်းက တခေါက်ပဲ ရှမ်းပြည်တက်သွားတယ်။ အစ်ကိုအောင်လဲ သူ့တပ်ကိစ္စတွေ ရှုပ်နေတယ်ထင်ပါရဲ့။ အဆက်အသွယ်ပြတ်နေတယ်’
သဲလွန်စက တွေ့ရမည်လိုလိုနှင့် ပျောက်သွားပြန်သည်။ ဘယ်ရောက်နေလဲ ကိုကိုရယ်။ရှေ့တန်းမှာများလားဆိုတာ တွေးမိတော့ စိတ်ပူသွားမိသေးသည်။
ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းမှာ ဆယ်တန်းတုန်းက သင်ခဲ့ရသည့် ဘာသာရပ်များကိုသာ အဆင့်မြှင့်သင်ကြားခြင်းဖြစ်သဖြင့် ဆယ်တန်းစာကျေပြီးသား သူမတို့အဖို့ သိပ်မခက်ခဲလှ။ လက်တွေ့ သင်ခန်းစာများမှလွဲ၍ ကျန်ဘာသာရပ်များမှာ သိပြီးသားများဖြစ်သဖြင့် စိတ်ဝင်စားစရာလဲ မကောင်းလှ။ အမှန်တကယ် စိတ်ဝင်စားစရာကောင်းသည်က တက္ကသိုလ်တံတိုင်းကို ကျော်ပြီးဝင်လာတတ်သည့် ထူးခြားသောစကားလုံးလေးများ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အာဆီယံစသည်များ။ရှစ်လေးလုံးအရေးအခင်းကို သိသော်လဲ အသက်ငယ်သေးသည်က တကြောင်း၊စစ်တပ်များ ဝန်းရံထားသော နယ်မြို့လေးမှာဖြစ်သည်ကတကြောင်းတို့ကြောင့် အဆက်အစပ် သိပ်မရှိလှ။ အခု မန္တလေးမှာကျတော့ အဆက်အစပ်က နဲနဲရှိလာပြီ။ နောက်ဆုံးနှစ်အပိုင်း(က)မှာ တက်နေသည့် ရှမ်းအသင်းခေါင်းဆောင်မှတဆင့် မန္တလေးတက္ကသိုလ်ထဲမှ ကျောင်းသားများနှင့် သူမတွေ့ဆုံဖြစ်ခဲ့ပြီ။စာဖတ်ဝါသနာပါသူ သူမအတွက် ပြင်ပစာအုပ်ဆိုင်များတွင် မရနိုင်သော စာအုပ်စာတမ်းများကိုလဲ ဖတ်ခွင့်ရခဲ့ပြီ။ လေးနက်သောစာပေများ၊ ဗဟုသုတများကြောင့် ဆယ်ကျော်သက် ရင်ခုန်သံများကိုပင် မေ့သလိုဖြစ်သွားခဲ့ရသည်။သူမဘဝတလျှောက်လုံး နိုင်ငံရေးမျက်စိကန်းခဲ့သမျှ အခုမှ အမှန်တရားများကို သိလာရသည်။ အမှန်တရားများကို သိလာရလေလေ၊ ယုံကြည်ချက်ဆိုသည်က ပေါက်ဖွားလာလေလေ။ သမိုင်းပေးတာဝန်ဖြစ်သည့် လုပ်သင့်လုပ်ထိုက်သည်များကို သူမဘဝတိုးတက်ရေးထက် ပိုမိုဦးစားပေးတတ်လာခဲ့ပြီ။
ဒီလိုနှင့်ပဲ ၁၉၉၆ခုနှစ်၊ ကျောင်းသားအရေးအခင်းတွင် သူမတက်ကြွစွာ ပါဝင်ဖြစ်ခဲ့သည်။ဆန္ဒပြအရေး ဆိုသူများမှာ ကျောင်းသားလူငယ်များပင်ဖြစ်သော်လဲ ’ပြည်သူကိုရင်ဝယ်သားလို’ သဘောထားပါသည်” ဆိုသောစစ်အစိုးရ၏ တုန့်ပြန်မှုက ကြောက်ခမန်းလိလိ။ အပြောနှင့် အလုပ်မညီကြောင်းကို သက်သေထူလိုက်သည်။ ကျောင်းသားအများအပြား အဖမ်းခံရသလို တိမ်းရှောင်သွားသူတွေလဲ မနည်းလှ။ သူမလဲ အဆောင်မှထွက်၍ သူငယ်ချင်းများအိမ်၌ တလှည့်စီ ပုန်းအောင်းနေခဲ့ရသည်။
‘အိမ်ရှင်တို့တံခါးဖွင့်ပါ။ ဧည့်စာရင်း စစ်စရာရှိလို့’
နန်းရှေ့မှ သူငယ်ချင်းအိမ်တွင် ပုန်းအောင်းနေသည့် သန်းခေါင်ယံညတည။ မဖိတ်ခေါ်ထားသည့် ဧည့်သည်များက ဆိုင်းမဆင့်၊ ဘုံမဆင့်ရောက်ရှိလာခဲ့သည်။
‘စောနန္ဒာ၊ ဒီမှာရှိတယ်လို့ အတိအကျ သတင်းရထားတယ်’
အိမ်ရှေ့မှ အသံများကြောင့် အခန်းထဲမှ သူမထွက်သွားလိုက်သည်။ သူမတာဝန်ကို သူမယူရမည်လေ။မဆိုင်သူများကို သူမအတွက် ဒုက္ခမရောက်စေလိုပါ။သူမအသံကြားသည်နှင့် သူငယ်ချင်းဖြူဖြူသန့်ကို ထိုးချိန်ထားသည့် ပစ္စတိုပြောင်းဝက သူမဘက်လှည့်လာသည်။ လက်နက်မဲ့ ကျောင်းသူတစ်ယောက်ကို လာဖမ်းတာများ လက်နက်တွေ အပြည့်အစုံနဲ့ပါလား ထောက်လှမ်းရေး ယောက်ျားသားကြီးတွေရယ်။တွေးမိရင်း ရယ်ချင်သွားသည့် သူမရဲ့ စိတ်တို့သည် သေနတ်ကိုင်ထားသူ၏ မျက်နှာကို မြင်ရသည့်အခါမှာတော့---။ ချစ်ခဲ့ဖူးသူတစ်ယောက်နဲ့ ပြန်ဆုံရတဲ့ ကံကြမ္မာဟာ ဒါမျိုးတဲ့လားကွာ။
(၄)
‘လှမျိုးဘယ်မှာလဲ။ ငါမေးနေတယ်လေ။ အဓိပ္ပာယ်မဲ့ အသားအနာမခံစမ်းနဲ့’
‘ mainရှေ့မှာ စုကြတဲ့ လူတွေရဲ့ နာမည်တွေရေးစမ်း’
‘ငါမေးတာမှန်မှန်ဖြေစမ်း၊ ကွေ့ကောက်နေရင် ဘာဖြစ်မယ်ဆိုတာ မင်းနားမလည်ဖူးလား’
‘ခေါင်းမာတယ်ဆိုတာ မကောင်းဘူးကွ။ အခုမင်းရောက်နေမယ့်နေရာက ခေါင်းမာလို့မရဘူး။ မန္တလေး ထောက်လှမ်းရေး(၁)လို့ခေါ်တယ်။ ဒီမှာပဲရေဝတဆိုတဲ့ ဘုန်းကြီးခေါင်းမာမှုနဲ့ သွေးပွက်ပွက်အန်ဖူးတယ်ဘာမှတ်နေလဲ။ ရိုက်လို့သေသွားရင်တောင် အရိုးရိုက်စစ်မယ့်နေရာကွ။ သိတာအကုန်ပြော’
ကိုကို့မျက်နှာကို မမြင်ရပေမယ့် ကိုကို့အသံမှန်းတော့ သိနေခဲ့ပါသည်။ ကိုကိုလူမှ ဟုတ်သေးရဲ့လားဟု တွေးလိုက်မိသည်။ မကောင်းဆိုးဝါးများဝင်စီးနေတာလား။ ဟုတ်ပါပြီ။ ကိုကိုတို့ရဲ့ စိတ်တွေကို၊မကောင်းဆိုးဝါး စစ်အာဏာရှင်စနစ်က ဝင်စီးနေတာပါ။
စစ်အစိုးရအာဏာရူးတွေရယ်။
တိုင်းပြည်ရဲ့ အဖိုးတန်လူငယ်တွေကို ရာထူးဂုဏ်၊မက်လုံးတွေပေးပြီး မျက်ကန်းမျိုးချစ်ဝါဒရိုက်သွင်းလို့ လူလူချင်းရက်စက်တတ်အောင် သင်ပေးနေတာတွေကို ရပ်တန်းကရပ်ပါတော့။ ကိုကိုတို့ လူငယ်တွေကရော ပညာတတ်တွေဖြစ်ရက်နဲ့ ဘာလို့ဆင်ခြင်တုံတရား၊ အသိဥာဏ်တွေ မရှိရတာလဲ။
တကယ်တော့ တပ်မတော်သားတွေမှာလဲ ဆက်စပ်နေတဲ့ ပြည်သူလူထုတွေ မရှိဘူးလား။ရဲတပ်ဖွဲ့ဝင်တွေမှာရော၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေမှာရော။ အားလုံးက ပြည်သူ့ရင်ထဲက ပေါက်ဖွားလာကြသူတွေချည်းပါ။ အမိန့်နဲ့တာဝန်ဆိုတာကိုပဲ ရိုက်သွင်းပြီး ကိုယ့်မိဘ၊ကိုယ့်ညီအစ်ကို မောင်နှမတွေအပေါ် ပြန်ရက်စက်ခိုင်းတာ၊ ဖြူစင်တဲ့ လက်ချောင်းလေးတွေကို သွေးစက်တွေ စွန်းထင်းခိုင်းနေတာ ဘယ်သူတွေလဲဆိုတာ အမှန်အတိုင်း သိမြင်သင့်ပါတယ်။ ဒေဝဒတ်ကို ဆရာတင်မိပြီး ခိုင်းသမျှ လိုက်လုပ်ခဲ့မိလို့ အမှားကြီးမှားခဲ့ရတဲ့ အဇာတသတ်အကြောင်းကို ပြောပြချင်လိုက်တာ။
(၅)
ဒီတသက် မဆုံတော့ဘူးဟု ထင်ထားပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံရသည်။ မတရား ထောင်ချမှုမှလွတ်မြောက်လာပြီး နောက်ပိုင်းကိုယ့်မြို့လေးသို့ပြန်၍ မိဘလက်ငုတ်လက်ရင်း အလုပ်လေးများကို ဆက်လုပ်ဖြစ်သည်။ ထောင်မှလွတ်လာသော်လဲ ထောက်လှမ်းရေးလက်များကတော့ မလွတ်နိုင်သေး။ကြာလာတော့လဲ မိဘများကစိတ်ပူလာကြသည်။ လွတ်မြောက်ရာရှာဖို့ အကြံပေးကြသည်။မွေးရပ်မြေမြန်မာပြည်သည် သူမအတွက် မလုံခြုံတော့။ လုံခြုံသည့်နေရာကို သူမရှာကြံရတော့မည်။
ဒီကြားထဲ ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူ ဇာခြည်က မန္တလေးမှာ ကျင်းပသော သူမမင်္ဂလာပွဲသို့ ဖိတ်လာသည်။ မြန်မာပြည်မှ မထွက်ခင် သူငယ်ချင်းများနှင့် နောက်ဆုံးဆုံတွေ့ခြင်းဟု သဘောပိုက်ကာ မန္တလေးဆီဒိုးနားမှာ ကျင်းပသောမင်္ဂလာပွဲသို့ သူမတက်ရောက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများနှင့် ပြန်တွေ့ရတော့လဲ စိတ်ထဲမှာ လန်းဆန်းသွားသလိုပါပဲ။
‘နန္ဒာ၊ ဒါဗိုလ်ကြီးစည်သူအောင်တဲ့၊ မူဆယ်က။ တို့အမျိုးသားနဲ့ မိတ်ဆွေတွေလေ’
သူငယ်ချင်းမ တစ်ယောက်က မိတ်ဆက်ပေးရင်း၊သူမဘေးခုံတွင် နေရာလာချပေးသည်။
‘သြော်-ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ် ဗိုလ်ကြီး။’
သူမအလိုက်သင့် ပြန်နှုတ်ဆက်လိုက်ပါသည်။
‘ဘယ်တုန်းကလွတ်လဲ’
နှစ်ယောက်တည်း ကျန်ခဲ့တော့ ကိုကိုက မေးသည်။
‘တစ်နှစ်လောက်ရှိပြီ’
‘အားလုံးအဆင်ပြေတယ်မလား’
‘ပြေပါတယ်’
‘အခု ကိုယ် မူဆယ်နစကမှာ ရောက်နေတယ်’
‘သြော်’
‘ဘာအကူအညီပေးရမလဲ’
‘မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်’
ကိုကို့စကားများကို အလိုက်သင့်ဖြေနေရသည်မှာ ပင်ပန်းလှပါသည်။ တချိန်က စစ်ကြောရေးများကို ပြန်သတိရမိသည်။ စစ်ထောက်လှမ်းရေးပီပီ အခုထိမေးခွန်းတွေ မေးနေတုန်းပါပဲလား ကိုကိုရယ်။
‘ပြန်လွတ်လာပြီဆိုတော့ ထပ်မမိုက်နဲ့တော့နော်’
‘ကျွန်မမိုက်ခဲ့တယ်လို့ ဆိုချင်တာလား’
သူမအသံ အနည်းငယ် ကျယ်လောင်သွားသဖြင့် ဘေးဝိုင်းက လှည့်ကြည့်သည်။ နှုတ်ခမ်းကို မသိမသာ ဖိကိုက်ရင်း ဒေါသနှုန်းကို လျှော့ရသည်။
‘ကျွန်မမိုက်ခဲ့တာ မဟုတ်ဘူးကိုကို၊ အမှန်တရားနဲ့ ပြည်သူ့ဆန္ဒဘက်က ရပ်တည်ခဲ့တာပါ။ တရားမျှတမှု၊လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေအတွက် တောင်းဆိုခဲ့တာပါ’
‘ဒီလောက်နှစ်ရှည် ထောင်ထဲမှာနေခဲ့ရတာတောင်၊ ဒီစကားတွေ သုံးနေတုန်းပါလား။’
‘ဘာလဲဟင်၊ကိုကိုတို့က ထောင်ချလိုက်ရင် ဒီယုံကြည်ချက်တွေ ပျောက်သွားမယ်လို့ ထင်နေကြတာလား။အဲဒါဆိုရင်တော့ ကိုကိုတို့မှားသွားပြီ။ ကိုကိုတို့ ချုပ်ချယ်လို့ရတာ လူကိုယ်ခန္ဓာကိုပဲရမယ်။ ရင်ထဲမှာ ကိန်းဝပ်နေတဲ့ ယုံကြည်ချက် နှလုံးသားကိုတော့ ချုပ်ချယ် ကန့်သတ်လို့ မရဘူး ကိုကို။ ကျွန်မကို ခွင့်ပြုပါဦးနော်’
ပြောပြောဆိုဆိုနှင့် သူမထရပ်လိုက်သည်။
‘သြော်ကိုကို၊ နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့ပါရစေ။ ကိုကို့လက်မှာ သွေးတွေစွန်းနေတာ ကိုကိုသတိထားမိရဲ့လား။ ဒီအတိုင်းဆေးလို့တော့ မစင်နိုင်ဘူး ကိုကို။ မှန်ကန်ဖြူစင်တဲ့ နှလုံးသား ရှိလာတဲ့အခါကျရင်တော့ ပြည်သူတွေက ဆေးကြောပေးလိမ့်မယ်’
အဆုံးသတ် စကားပြောရင်း တခြားသူငယ်ချင်းများဝိုင်းသို့ သူမထွက်လာခဲ့သည်။ ကိုကို၊အောင့်သက်သက်နဲ့ ကျန်ခဲ့မှာ အသေအချာပါပဲ။ ဒီစကားတွေအတွက် ထပ်ဖမ်းမည်ဆိုလဲ သူမခံဝံ့ပါသည်လေ။ လူတိုင်းမှာ Freedom of Expression လူ့အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိသည် မဟုတ်ပါလား။
(၆)
‘မမ၊ပြန်ရောက်နေတာ ကြာပြီလား။’
အတွေးရေယဉ်ကြောတွင် မည်မျှမျောနေသည်မသိ။ အတူနေညီမလေး ပြန်လာမှ သတိပြန်ဝင်လာရသည်။ အတိတ်သည် အတိတ်မှာကျန်ခဲ့ပြီးသား။ လက်ရှိပစ္စုပ္ပန်ကို သူမအာရုံစိုက်ရပေဦးမည်။ အနာဂတ်မြန်မာ ပြည်အတွက် ကြိုတင်လေ့လာ ဖတ်ရှူထားရမည့် စာတမ်းတွေ ဖတ်ရဦးမည်ပဲလေ။ တစ်ခုတော့ဆုတောင်းမိပါသည်။ ကိုကိုတို့လို စနစ်ဆိုးရဲ့ အသုံးချခံသားကောင်များ၊ အမြန်ဆုံးအမြင်မှန်ရပြီး၊ သွေးစွန်းလက်များကို ပြည်သူမေတ္တာဖြင့် ဆေးကြောနိုင်ပါစေ ဟု။
ခင်မမမျိုး (2005)

No comments: