ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေပြီး သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း သည်လည်း ကြာသပတေးနေ့ ညက ဖမ်းဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
ယမန်နေ့က အမျိုးသမီး ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ပြုံးမိုအိသည် ဒေါ်စုထံ သွားရောက်ပြီး ဆေးကုသပေးခွင့် ရခဲ့သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပြသည်။
“ဒေါ်အောင်ဆန်းစုကြည်က သွေးအား နည်းနေတယ်၊ ဆေးပုလင်းကြီး ချိတ်ရတယ်လို့ သိရတယ်၊ တနာရီလောက်ပဲ ခွင့်ပြုတယ်။ တနာရီနဲ့ မလုံလောက်ဘူး ဆိုတော့ လုံလောက်တဲ့ အချိန်အထိ တာဝန် ယူပြီးတော့ ဆရာဝန်က အားဆေး သွင်းပေးခဲ့တယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။
ဒေါ်စုကို ဆေးကုသပေးခဲ့သည့် အမျိုးသမီး ဆရာဝန်က ဒေါ်စု၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်များကိုသာ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ စစ်အစိုးရ စာနယ်ဇင်းများတွင် ဖော်ပြခဲ့သည့် ဒေါ်စု၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသား John William Yeattaw နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ရှိမရှိကိုလည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဟု သိရသည်။
ထိုပုဂ္ဂိုလ် ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်သည့် နေ့မှာပင် ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။
ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရသည့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တလတကြိမ် ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်သည်။
“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ အာဏာပိုင်တို့က သူ့ကို လာခေါ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ စောင့်နေရတယ်၊ စောင့်နေပြီး တအောင့်ကြာတော့ ဝင်ခွင့် မရဘူး၊ ပြန်တော့ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ် တဲ့။ ညကျတော့ အိမ်မှာ လာခေါ်သွားတယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးဟု ဆိုသည်။
ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရပြီး နောက်တနေ့တွင် သတင်းတပ်ဖွဲ့က သူ၏ အိမ်သို့ သွားရောက်ပြီး အင်္ကျီအ၀တ်အစား နှင့် ဘာသာရေး စာအုပ်များ ယူဆောင်ခဲ့သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဒေါက်တာ တင်မျိုးဝင်းသည် ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာဖွယ် မရှိဟု ဦးဟံသာမြင့်က သုံးသပ်သည်။
အထိန်းသိမ်း ခံလိုက်ရသော ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။
ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယခင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်တို့ထံ တိုင်ကြားခဲ့ဖူးကြောင်း ဦးဟံသာမြင့်က ပြောသည်။
ယခု ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ဆိုသူနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုသာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားသားသည် အမေရိကန်အစိုးရ၏ CIA ထောက်လှမ်းရေး အဖွဲ့က စေလွှတ်လိုက်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြံ့ဖွံ့ ဟု ထင်ရှားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်တချို့က ရန်ကုန်မြို့တွင် သတင်း လွှင့်နေကြသည် ဟု သိရသည်။
Sunday, May 10, 2009
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ စိုးရိမ်ရပြီး၊ ဒေါက်တာတင်မျိုးဝင်း ပါ အဖမ်းခံထားရ၊
Saturday, May 9, 2009
Friday, May 8, 2009
ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေးနှင့် ပတ်သက်၍ ရှေ့ နေဦးကြည်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်၊
အချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်း ရှိနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နအဖစစ်အစိုးရက ဧပြီ (၃၀) ရက်တွင် ယတိပြတ် ပယ်ချလိုက်ပြီဖြစ်သည်။ ယင်းအခြေအနေ များနှင့်စပ်လျဉ်း၍ ခေတ်ပြိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့သည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းထားတဲ့အပေါ် သတင်းတပ်ဖွဲ့က ဘယ်လိုတုံ့ပြန်ပါသလဲ ဆရာ။
ဖြေ။ ။ တောင်းတာက (၄) ရက်နေ့က တောင်းတာဗျ။ (၄) ရက်နေ့ တနင်္လာနေ့က ရုံးဖွင့်ရက်ဆိုတော့ ကျနော်က သွားပြီး စာတင်လိုက်တယ်။ ကျနော်ကလည်း မြန်မြန်ထက်ထက်သွားပြီး သတင်းပို့ချင်တာကိုး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဦးဦးဖျားဖျားသိသင့်တဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒါကြောင့် (၄) ရက်နေ့က (၅) ရက် (သို့မဟုတ်) (၆) ရက်နေ့မှာ တွေ့ခွင့်ပြုပါဆိုပြီး တင်လိုက်တာ။ အခုချိန်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူးဗျ။ ဆိုတော့ ဒီနှစ်ရက်ကတော့ မရဘူးထင်ပါရဲ့။ ရန်ကုန်သတင်းတပ်ဖွဲ့ကလည်း နေပြည်တော်ကို ဆက်တင်ရဦးမယ် ထင်ပါတယ်။ ဒီကနေ ခွင့်ပြုနိုင်တဲ့ အနေအထားမဟုတ်ဘူးဗျ။ နေပြည်တော်တင်ရင် နေပြည်တော်မှာရှိတဲ့ သတင်းတပ်ဖွဲ့မှူးကလည်း ဆက်ပြီး ပြည်ထဲရေးကို တင်ရဦးမယ်ထင်တယ်။ ဆိုတော့ဗျာ…ကြာဦးမယ်ထင်ပါတယ်။
မေး။ ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၃) ရက်တုန်းကလည်း အယူခံလွှာကို နေပြည်တော်တင်ထားပြီးဖြစ်ကြောင်းနဲ့ ပြင်ဆင်ဖြည့်စွက်လိုတာတွေ ပြင်ဆင်ဖြည့်စွက်နိုင်အောင်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း တာတောင် မရခဲ့ဘူးဆိုတော့ ဒီကြားကာလမှာရော အမှုနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါ သေးလား။
ဖြေ။ ။ ကျနော်တို့ အယူခံလွှာကို ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့မှာ ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်ကို သွားတင်ပါတယ်။ တင်ပြီးတော့ အဲဒီအချိန်ကတည်းက ကျနော်လည်း ဒီလိုတင်ထားတဲ့အကြောင်း သတင်းပို့ဖို့တို့၊ နောက် ညွှန်ကြားလွှာယူဖို့တို့အတွက် တွေ့ခွင့်တောင်းတယ်။ တော်တော်များများ တောင်းပါတယ်။ တောင်းပေမယ့်လည်း ဘာမှမရခဲ့ဘူး။ ကြားကာလအတွင်းမှာ တွေ့ဆုံခွင့် လုံးဝ မရခဲ့ပါဘူး။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ပြည်တွင်း အက်ဥပဒေအရ
(၅) နှစ်အထိပဲ ချုပ်နှောင်ပိုင်ခွင့် ရှိတယ်ဆိုပြီး ဆရာတို့ဘက်က တင်ပြတာကို အစိုးရဘက်ကလက်မခံဘူး။ အယူခံကို ကြားနာမှုတောင်မရှိဘဲ ပယ်ချခဲ့တယ်ဆိုတော့ ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်နိုင်စွမ်း ရှိပါဦးမလား။
ဖြေ။ ။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရ ရှိရင်ရှိသလို လုပ်မှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတာဝန်ကို ဖြစ်နေပြီဗျာ။ အခုအဆင့်ကျတော့ ဖြေသာဖြေလိုက်တာပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးထားတဲ့အချိန်က (၂၁) ရက်ပဲ ကျန်တော့တယ်ဗျ။ အဲတော့ဒါက သူတို့ပြောတဲ့ (၆) နှစ်အရကိုပဲ (၂၇) ရက် မေလ ၂၀၀၉ ဆိုရင် ကုန်ပြီ။ ကုန်ပြီဆိုတော့ကား လွှတ်ရမယ်။ လွှတ်ပေးလည်း လွှတ်ပေးမှာပါ။ ဟိုတုန်းကလည်း ပထမအကြိမ်အရေးယူတုန်းကလည်း ဒီလိုပဲ လွှတ်ပေးတာပဲ။ လွှတ်ပေးမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်ကာလအတွင်း ဆရာဝန်နဲ့တွေ့ဆုံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်တွေဟာ အာဏာပိုင်တွေကို အဆင့်ဆင့်တင်ပြပြီးမှ တွေ့ဆုံနေရတယ်။ တွေ့ဆုံခွင့်ပြုခဲ့တာလည်း အင်မတန်မှ နည်းတယ်ဆိုတော့ ဒီ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဥပဒေပုဒ်မ (၁၀/ခ) မှာ ဒီအခွင့် အရေးတွေနဲ့ စပ်လျဉ်းပြီး အသေးစိတ်ဖော်ပြထားတာမျိုး မရှိဘူးလား။
ဖြေ။ ။ (၁၀/ခ) နဲ့ လုပ်ထားတာက အချက်က (၄) ချက်ကိုးဗျ။ ဘယ်မှာသာ နေထိုင်ရမယ်။ ဘယ်မှာ မနေထိုင်ရဘူး။ ဘယ်သူတွေနဲ့မတွေ့ရဘူး။ ဘာတွေ မထားရဘူး စတဲ့ အချက်လေးချက်ကို ကန့်သတ်ထားပါတယ်။ စတာတွေက လွဲလို့ရှိရင် ကျန်တဲ့ဟာ အားလုံးခံစားခွင့်ရှိတယ်။ တားဆီးတဲ့အထဲ မပါသော နိုင်ငံသားအခွင့်အရေး မှန်သရွေ့ သူခံစားပိုင်ခွင့်ရှိတယ်။ အခုတော့ ဆရာဝန်နဲ့ တွေ့ဆုံခွင့်မှာတော့ ဘာမှအခက်အခဲ မရှိတော့ဘူးဗျ။ (၈.၈.၂၀၀၈) ရက်နေ့ကတည်းက လတိုင်းလိုလို ပုံမှန်တွေ့သွားပါပြီ။ ရှေ့နေနဲ့သာ။ ဥပဒေမှာ ဆိုထားတာက ပြည်တွင်းဥပဒေ ရော၊ ပြည်ပဥပဒေရောမှာပေါ့ဗျာ။ အမှုသည် တယောက်ဟာ သူရဲ့ရှေ့နေနဲ့ တွေ့ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ဖော်ပြထားတော့ တင်ပြတော့ထားတာပဲ။ ဒါပေမယ့် ခွင့်မပြုဘူးဗျာ။
မေး။ ။ အယူခံပယ်ချခြင်းမပြုမီ အယူခံကို ကြားနာပေးဖို့ ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာ ပေးပို့မှု ဘယ်နှကြိမ်လောက်များ ပြုလုပ်ခဲ့ရပါသလဲဆရာ။
ဖြေ။ ။ လေးကြိမ်။ ပထမပိုင်းကတော့ ကျနော်တို့က သတင်းတပ်ဖွဲ့အဆင့်ကိုပဲ ဆက်သွယ်ပြီးတော့ လုပ်နေတာ။ နောက်တော့ ကဲမထူးဘူး။ သတင်းတပ်ဖွဲ့ကလည်း အထက်ကို ပြန်ပြန်တင်ပြနေရတာရှိတော့ ကျနော်တို့က အယူခံအဖွဲ့ရဲ့ အကြီးအကဲ ၀န်ကြီးချုပ်ဆီကို တိုက်ရိုက်တင်တယ်။ ကျနော်တို့ အယူခံတင်တာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၉) ရက်မှာ တင်ပြီး နိုဝင်ဘာလ ဘာမှမထူးသေးဘူး။ ဒီဇင်ဘာလ ဘာမှ မဖြစ်သေးဘူးဆိုတော့ အယူခံတင်ပြီး နှစ်လတိုင်တိုင် ဘာမှဖြစ်မလာတော့ ဒီဇင်ဘာလကုန် (၃၀) ရက်နေ့ကျတော့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ စရေးပါတယ်။ နောက်တခါ နောက်နှစ် ၂၀၀၉ ဇန်န၀ါရီ (၂၀) ရက်မှာ နောက်တကြိမ် ထပ်ရေးပို့ပါတယ်။ နောက် ဖေဖော်ဝါရီကျတော့ မရေးဖြစ်ဘူးဗျ။ မရေးဖြစ်ရတဲ့ အကြောင်းက အဲဒီလထဲမှာ မစ္စတာဂမ်ဘာရီနဲ့ မစ္စတာ ကင်တားနားတို့လာတော့ ကျနော်တို့ဘက်က အချိန်ကိုက်ပြီး လုပ်တယ်လို့ ထင်မှာစိုးလို့ မရေးခဲ့တာ။ နောက် မတ်လရောက်တော့ (၁၃) ရက်နေ့မှာ ထပ်တင်တယ်။ အဲဒါလည်း ဘာမှအကြောင်းပြန်ကြားမှု မရှိတော့ ဧပြီ (၁၀) ရက်မှာ နောက်တစောင် ထပ်တင်တယ်။ အဲဒါလည်းမထူးတော့ (၂၈) ရက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို တိုက်ရိုက်တင်ပြလိုက်တာ။ တိုက်ဆိုင်လို့လားတော့ မသိဘူး။ သူတို့နဂိုကတည်းကပဲ လုပ်နေလား။ ကျနော်လည်း မသိဘူးပေါ့လေ။ အဲဒီမှာ ချက်ချင်း အရေးယူ ဆောင်ရွက်လာပြီးတော့ အယူခံကို ပယ်လိုက်တာပဲ။ ဧပြီ (၃၀) ရက်မှာ ပယ်လိုက်တယ်။
မေး။ ။ အဲဒီ ဧပြီ (၃၀) ရက်မှာ အယူခံပလပ်လိုက်ကြောင်း အကြောင်းကြားစာနဲ့အတူ ရှေ့နေဦးလှမျိုးမြင့်ဆီမှာ ချိပ်ပိတ်စာတစောင်ပါလာတယ်လို့ ကျနော်တို့ ကြားထားရပါတယ်။ အဲဒီစာထဲမှာ ဘာတွေ ဖော်ပြရေးသား ထားပါသလဲ။
ဖြေ။ ။ အော်..အဲဒီစာက စောစောကပြောသလိုပေါ့လေ။ (၃၀) ရက်နေ့မှာ ဟိုက ပလပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်ရော။ ဦးလှမျိုးမြင့် နေပြည်တော်လာခဲ့ပါလို့ ခေါ်လို့ သူ နေပြည်တော်သွားရတယ်ဗျ။ ဟိုရောက်တော့ ကျနော့်ဆီကို လိပ်မူထားတဲ့ ချိပ်ပိတ်စာကို ဦးလှမျိုးမြင့်ကိုပေးတယ်။ အဲဒီမှာ ဦးလှမျိုးမြင့်က ကျနော့်ဆီကို ဖုန်းလှမ်းဆက်တယ်။ စာတစောင်တော့ ရထားတယ် ဖွင့်ဖောက်ပြီး ကြည့်ရမလားလို့ မေးတယ်။ ကျနော်က ဒီရောက်မှ အတူဖောက်ကြတာပေါ့ဗျာလို့ ပြန်ပြောတော့ ရန်ကုန်ကို ယူလာပြီး အတူတူဖွင့်ဖောက်ကြည့်ကြတယ်။ စာထဲမှာ ဘာပါလာလဲဆိုတော့ အယူခံစိစစ်ရေးအဖွဲ့ ဖွဲ့လိုက်တယ်တဲ့။ အဲဒီအယူခံစိစစ်ရေးအဖွဲ့က ဌာနပေါင်းစုံမှာ ရှိတဲ့ စာတွေဓာတ်ပုံတွေကို ကြည့်တယ်တဲ့။ အဲလိုကြည့်ပြုပြီးတော့မှ အကြံပြုတာက ဥပဒေနဲ့အညီ ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရတဲ့အတွက် ပလပ်တယ်တဲ့။ အဲဒါတွေပါပါတယ်။
Thursday, May 7, 2009
အမေရိကန်နိုင်ငံသားတစ်ဦး ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်းလျားကန်မှတဆင့် လျှို့ ဝှက်စွာဝင်ရောက်၊
အမေရိကန်ပတ်စ်ပို့ (PP.NO-4397677222/28.4.2008) ကိုင်ဆောင်ထားသော Mr.John Willian Yeattaw ဆိုသူသည် မေလ (၆) ရက် နံနက် (၅) နာရီခွဲတွင် (၅) လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် အင်းလျားကန်အတွင်း ကူးခတ်နေစဉ် စစ်ဆေးမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်ထွက်လာခြင်းဖြစ်သည်ဟု နအဖသတင်းစာများတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသားသည် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် မေ (၂) ရက်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ဗျူးတီးလဲန်း (၂) ဟိုတယ်တွင် တည်းခိုခဲ့ကာ မေ (၃) ရက်ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံသို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကာ နေအိမ်အတွင်း လျှို့ဝှက်နေထိုင်ခဲ့ကြောင်း သတင်းစာများက ဖော်ပြသည်။
ထို့နောက် မေ (၅) ရက် ညပိုင်းအချိန်တွင် အင်းလျားကန်အတွင်းမှ ရေကူး၍ ပြန်ထွက်လာစဉ် လုံခြုံရေးများက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ၎င်းနှင့်အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင်ကျောပိုးအိတ်တလုံး၊ ဓာတ်မီး တလက်၊ ခေါက်ပလာယာတလက်၊ ကင်နွန်ကင်မရာတလုံး၊ အမေရိကန်ဒေါ်လာ (၁၀၀) တန် နှစ်ရွက်နှင့် မြန်မာငွေ (၁,၀၀၀) တန် (၉၃) ရွက်တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ဆက်လက်စစ်ဆေးဖော်ထုတ်သွားမည် ဟုလည်း ရေးသားထားသည်။
ယနေ့နံနက်ပိုင်းတွင် အင်းလျားကန်ဘောင်တ၀ိုက်၊ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်နှင့် ကမ္ဘာအေးဘုရားလမ်း တလျှောက်တွင် လုံခြုံရေးများပြားစွာ ချထားသည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
Wednesday, May 6, 2009
Saturday, May 2, 2009
Friday, May 1, 2009
၁၁၉ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားတွင် တက်ရောက်လာသော အလုပ်သမားများ၏ ကြွေးကြော်သံများ၊
၁၁၉ကြိမ်မြောက်မေးဒေးနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့ရာ အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ၊တက်ရောက်ခဲ့ကြပါသည်၊
အဆိုပါအခမ်းအနားတွင် မေဒေးနေ့ ဖြစ်ပေါ်လာပုံ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခြေအနေများ၊ မြန်မာနိုင်ငံ အလုပ်သမားများ၏ လက်ရှိအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ပဟေဌိညာဏ်စမ်းမေးခွန်းများ အား မေးမြန်းခဲ့ပြီး ဆုရရှိသူများအား လက်ဆောင်များပေးအပ်ခဲ့ပါသည်၊
Type rest of the post here
Wednesday, April 29, 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ စုံညီ အစည်းအဝေးကျင်းပနေပုံ၊


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ ဌာနချုပ်ရုံးတွင် ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များဖြင့် ကျင်းပသည့် စုံညီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီက စာတမ်း ၃ စောင် တင်သွင်းခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီ - စီအီးစီက ကဏ္ဍ ၃ ခု ဖြစ်သော စည်းရုံးရေး၊ နိုင်ငံရေးနှင့် ၂ဝဝ၈ ခု အခြေခံဥပဒေတို့ကို တင်သွင်းရာ ပြည်နယ် ၃ ပြည်နယ်နှင့် တိုင်း တတိုင်းသာ ဆွေးနွေးနိုင်သည်၊
“ဒီနေ့ကတော့လေ စာတမ်း ၃ စောင်ကို ညှိနှိုင်းဆွေးနွေးပွဲကို စီအီးစီ အဖွဲ့က တင်တယ်။ အမှန်ကတော့ စာတမ်းတစောင် ပြောတယ်။ ဒါပေမဲ့ စာတမ်း ၃ စောင် ဖြစ်သွားတာပေါ့၊ Heading (ခေါင်းစဉ်) ၃ ခု ဆိုတော့။ အဲဒီ စာတမ်း ၃ ခုအပေါ်မှာ ပြည်နယ်-တိုင်းအလိုက် စပြီးတော့ ဆွေးနွေးကြတာပေါ့။ ဒီနေ့ စစ်ကိုင်းအထိပဲ ပြီးသေးတယ်။ အက္ခရာစဉ်ပေါ့။ ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းပေါ့။ မနက်ဖြန် ပဲခူးက စပြီးတော့ ဆက်လုပ်ဦးမယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။
စာတမ်းများကို ဦးအုံးကြိုင်၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်တို့က ဖတ်ကြားပြခဲ့ပြီး၊ စီအီးစီ ကိုယ်စား တာဝန်ယူ ဖြေကြားခဲ့ကြသည်။
ပြည်နယ်-တိုင်းစည်း ၆၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးနှင့် ဗဟိုအဖွဲ့အစည်းဝင်များ အပါအဝင် စုစုပေါင်း ၁၅၆ ဦး တက်ရောက်လာသည့် ယနေ့ အစည်းအဝေးကို အားရကျေနပ်မှုရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ကတော့ ဒီလိုပွဲမျိုးလုပ်တာကို အမြဲတမ်း ကြိုလည်း ကြိုဆိုတယ်။ ဒီနေ့ တွေ့ရတာလည်း အားရပါတယ်။ ဆုံးဖြတ်ချက်တွေက ဘာမှထွက်လာဦးမှာတော့ မဟုတ်သေးဘူး။ ဆွေးနွေးပွဲကလည်း မပြီးသေးဘူးလေ။ မနက်ဖြန်မှပြီးမှာ” ဟု သူက ပြောသည်။
အစည်းအဝေးသို့ စီးအီးစီ အဖွဲ့ဝင်များတွင် ဦးလွင် တဦးသာ ကျန်းမာရေး မကောင်းသဖြင့် မတက်ရောက်နိုင်သလို၊ အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ မရှိသော ကယားပြည်နယ်မှလွဲ၍ ကျန်သည့် တိုင်းနှင့် ပြည်နယ်အားလုံး တက်ရောက်ကြသည်။
Monday, April 27, 2009
မန္တလေးထောင်ရှိ နိုင်ငံရေး အကျဉ်းသားတချို့ ထောင်ပြောင်းခံရ၊
မန္တလေး အိုးဘိုထောင်ထဲတွင် ကိုယ်ဝန်ပျက်ကျခဲ့သူ မကေသီအောင်နှင့် မန္တလေး တိုင်းစည်း အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက နယ်ထောင်များသို့  ပြောင်းရွှေ့ခဲ့သည်။
မကေသီအောင်ကို တနင်္သာရီတိုင်း ထားဝယ်ထောင်၊ မန္တလေး တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ကချင်ပြည်နယ် ပူတာအိုထောင်နှင့် မတ္တရာအမတ် ဦးသန်းလွင်ကို ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။
မကေသီအောင်အား ပြောင်းရွှေ့လိုက်သည့် ထောင်တွင်း၌ ဂျပိုးကိုက်သဖြင့် အနာများ ပေါက်နေကြောင်း သိရသည်။ ယခုအပတ်အတွင်း အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု သူ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“အရင် အယူခံရတာ ၁ဝ နှစ် လျှော့ပေးခဲ့တယ်။ ဒီတပတ်အတွင်း ထပ်ပြီး အယူခံ တက်မယ်။ ပြစ်မှုဆိုင်ရာ ဆက်တက်ဖို့ ပြင်ဆင်ထားပြီးပါပြီ” ဟု သူက ပြောသည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ နှစ်ခုဖြင့် ၂ မှု၊ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေပြဋ္ဌာန်းချက် ၂ မှုတို့ဖြင့် ထောင်ဒဏ် ၂၆ နှစ် ကျခံနေရာမှ ၁ဝ နှစ် လျှော့ချခဲ့သောကြောင့် ၁၆ နှစ်သာ ကျန်ရှိတော့သည်။
ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူ မန္တလေး အန်အယ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြလည်း ပြီးခဲ့သည့် လအတွင်းက ကချင်ပြည်နယ် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခံရသည်။
သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မန္တလေး တိုင်းစည်းဝင်များဖြစ်သည့် ဦးကံထွန်း (တိုင်း အတွင်းရေးမှူး) ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်) ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) ၁၁ နှစ်သည် အိုးဘိုထောင်ထဲတွင် ဆက်လက်၍ ပြစ်ဒဏ်များ ကျခံနေရဆဲ ဖြစ်သည်။
အစိုးရကို အကြည်ညို ပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅ဝ၅ (ခ)၊ ဘာသာ သာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇ စသဖြင့် အာဏာပိုင်များက သူတို့ကို စွဲချက်တင်ခဲ့သည်။
ယခုလ ၁ ရက်နေ့တွင် ဒေါ်ဝင်းမြမြကို ၄ နှစ်နှင့် မတ္တရာအမတ် ဦးသန်းလွင်၊ ဦးကံထွန်း၊ ကိုတင်ကိုကို၊ ကိုမင်းသူ၊ ကိုဝင်းရွှေတို့ကို မန္တလေး တိုင်းတရားရုံးက ပြစ်ဒဏ် ၂ နှစ်စီ လျှော့ချလိုက်ကြောင်း အမှုအကျိုးဆောင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“လဆန်းပိုင်းက ရုံးချုပ်က အမိန့်ထုတ်လိုက်တယ်။ ပြစ်ဒဏ်တွေကို လျှော့လိုက်တာ။ စွဲထားတဲ့ ပုဒ်မတွေကို ပေါင်းပြီးတော့ လျှော့လိုက်တာပါ။ ကျနော် ဆက်တိုက် ဝင်တယ်။ ဒေါ်ဝင်းမြမြတို့ကို ၄ နှစ် လျှော့တာ။ ကျန်တဲ့ လူတွေကိုတော့ ၂ နှစ်စီ။ မန္တလေး တရားရုံးချုပ်က လျှော့လိုက်တာပါ” ဟု သူက ပြောသည်။
သူတို့ ၅ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ပြစ်ဒဏ် ၈ နှစ်ကျခံနေရသူ မတ္တရာအမတ် ဦးသန်းလွင် (မန္တလေးတိုင်း အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) ကိုလည်း ယခုလဆန်းပိုင်းတွင် အိုးဘိုထောင်မှ ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
“လွိုင်ကော်ထောင် ပြောင်းလိုက်တာ လဆန်းမှာပဲ။ ကျမတို့လည်း တပတ်ကြာတော့ လိုက်သွားတာ။ မျက်လုံးက ရဲနေတုန်းပဲ။ မျက်ရည်တွေ စီးကျနေတယ်။ ပြောပြတာကတော့ အကျဉ်းသား ၆ ယောက်ရှိတယ်၊ သူတို့ နှစ်ယောက်နဲ့တော့ စကားပြောရတယ်လို့ ပြောတယ်။ နှစ်ယောက် တခန်းစီ ထားတယ်” ဟု သူက ပြောသည်။
လွိုင်ကော်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ရှိနေကြောင်း သိရသည်။



.jpg)